ဖေဖော်ဝါရီ−၂၁၊၂၀၂၆။ သုည/People’s Spring
ဆေးလိပ်အစားထိုး သုံးစွဲနေတဲ့ Vape ၊Podနဲ့ အီးစီးကရက်အပါအဝင် ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်းနဲ့ သုံးစွဲခွင့် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ ဆိုင်တွေက ပိတ်သိမ်းကြောင်း အသိပေးထားပါတယ်။
ကလပ်နဲ့ ဘားတွေမှာ ရောင်းချလေ့ရှိတဲ့ အီလက်ထရောနစ် ရှီရှားတွေကိုလည်း တားမြစ်ကုန်စည်အဖြစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။
ယင်းထုတ်ပြန်စာထွက်လာပြီးနောက် ဒီနေ့ (ဖေဖော်ဝါရီ ၂၁) မှာတော့ ရန်ကုန်မြို့ရှိ Vape ဆိုင်အများစု ဆိုင်ပိတ်ကြောင်း လူမှုကွန်ယက်ကနေတဆင့် အသိပေးထားကြပါတယ်။

Public Service Announcement
“ရန်ကုန်က Vape ဆိုင်အများစုကတော့ ဆိုင်ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း Facebook မှာ ကြေညာတာတွေ့ရတယ်။ တချို့ဆိုင်တွေမှာလည်း ဆိုင်တံခါး၀မှာ ဆိုင်ပိတ်ကြောင်း ရေးထားကြပါတယ်။ အရင်ဆို ဘီယာဆိုင်တွေနားမှာ ကားနဲ့ လာရောင်းတဲ့ Vape ဆိုင်လည်း မတွေ့ရတော့ဘူး။ နောက်ဆုံး Mini Mart တွေမှာတောင် Vape ကောင်တာတော့ ရှိသေးပေမယ့် ဘာပစ္စည်းမှ မရှိတော့ပါဘူး။ ဘားတစ်ခုမှာလည်း ရှီရှားမရဘူးလို့ ရေးထားပါတယ်”လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ဆိုပါတယ်။
အဆိုပါ Vape ၊ Pod နဲ့ အီးစီးကရက် ရေရှည်သုံးစွဲပါက အဆုတ်နဲ့ နှလုံးရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
“ဆေးလိပ်အစားထိုး ထုတ်တဲ့ ပစ္စည်းဆိုပေမယ့် ဒီမှာက ကလေး၊ လူကြီး မရွေး သုံးနေတာ တွေ့ရတယ်။ နောက်ပိုင်းလာတဲ့ Vape တွေက နီကိုတင်းတွေ အလွန်အကျွံပါဝင်လာတာတယ်။ ဒါတွေက ရေရှည်သုံးရင် အဆုတ်ကိုလည်း ထိနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေလည်း မြင့်မားပါတယ်” လို့ ယင်းဆရာဝန်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ Vape ၊ Pod နဲ့ အီးစီးကရက်တို့ကို ရောင်းဝယ်ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်းတို့ ပြုလုပ်ပါက ထောင်ဒဏ် ၆လမှ ၃ နှစ်နဲ့ ငွေဒဏ် ၅ သိန်းအထိ ချမှတ်နိုင်ကြောင်း စစ်ကောင်စီက သတိပေးထားပါတယ်။

















































