ဖေဖော်ဝါရီ-၈၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေတူးဖော်တာ မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်တဲ့စာထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၆ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့စာမှာ ရွှေကူမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက် နယ်မြေ ဧရာတဝီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၆ရက်က စတင်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
မြစ်အတွင်း ရွှေတူးနေကြတဲ့ ရွှေဖောင်က အစီးရေ များစွာ ရှိနေတဲ့ အခြေအနေမှာ KIOက အခုလို တားမြစ်ခဲ့တာလို့ အသိပေးထားတာလို့ ကချင်သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
ရွှေတူးဖော်မှု လုပ်ငန်းတွေကြောင့်မြစ်ရေနဲ့ သဘာပတ်ဝန်းကျင် အတွက်စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
KIO အနေနဲ့ အရင်ကလည်း KIO အုပ်ချုပ်နယ်မြေ အတွင်း ဧရာ၀တီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်တာ မလုပ်ဖို့ တားမြစ်ခဲ့တာတွေရှိပါတယ်။
၂၀၂၁ နှစ်ကုန်ပိုင်းက KIO ရွှေကူခရိုင်က ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘာသာသာသနာမြေတွေ၊ ဘာသာရေးအဆောက်အဦးတွေ ဒေသခံတွေ ထွန်ယက်စိုက်ပျိုးမြေတွေနဲ့ ကျေးရွာတွေ၊ ဧရာ၀တီမြစ်ဘေး ပတ်ဝန်းကျင်နေရာတွေ ပျက်စီးယိုယွင်းလာတာကြောင့် ဧရာ၀တီ မြစ်ကြောင်းတလျှောက် ရွှေဖောင်နဲ့ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ လုံး၀ တားမြစ်ကြောင်း ဖော်ပြခဲ့တာပါ။အဲဒီတုန်းက ထုတ်ပြန်ချက်မှာ မလိုက်နာရင် အရေးယူမယ်လို့
လည်း အသိပေးထားပါတယ်။
၂၀၂၅ အောက်တိုဘာကလည်း ကချင်ပြည်နယ် ချီဖွေဒေသမှာကန့်သတ်ထားတဲ့နေရာတွေမှာရွှေမတူးဖို့KIOကတားမြစ်ခဲ့ပါတယ်။ပြည်သူတွေ ကန့်
ကွက်တဲ့နေရာတွေမှာရွှေတူးဖော်တာမလုပ်ဖို့၊ ရွှေတူးဖော်မှုကြောင့်ရေလမ်းကြောင်းနဲ့ကားလမ်းတွေထိခိုက်ပျက်စီးမှု ကာကွယ်ဖို့ ရည်ရွယ်ပြီး ကန့်
သတ်ခဲ့တာလို့ အသိပေးထားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီထိန်းချုပ်နယ်မြေ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ဆက်သွယ်ထားတဲ့ဗလမင်းထင်တံတားအောက် ဧရာ၀တီမြစ်ကြောင်းပေါ်မှာ ရွှေတူးဖော်မှုတွေကို စက်ယန္တရားတွေသုံးပြီး နေ့ရောညပါတူးဖော်နေလို့ ဒေသခံတွေအခက်ကြုံနေရတယ်လို့ မြစ်ကြီးနားဒေသခံအချို့က ပြောပြထားပါတယ်။

















































