close
Connect with us

Hi, what are you looking for?

သတင်း

ဆိုက်ဘာလိမ်လည်ဂိုဏ်း ခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

မြန်မာနိုင်ငံတွင်းက နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေနဲ့ ဆိုက်ဘာရာဇဝတ်စင်တာတွေရဲ့အမြင့်ဆုံးခေါင်းဆောင် အဆင့်ရှိသူတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုဝင်ဘာ ၁၅ရက် မှာ တိုက်တွန်းလိုက်ပါတယ်။

မြဝတီဒေသက KK Parkရှိ အွန်လိုင်းလောင်းကစားရုံတရုံကို စစ်တပ်က ဖောက်ခွဲဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - gnlm

▪️စစ်အုပ်စု၊BGF၊ ပြည်သူ့စစ်တွေဟာ လိမ်လည်မှုစင်တာတွေရဲ့ အကျိုးခံစားခွင့်ရနေ

နိုဝင်ဘာ-၁၆၊ ၂၀၂၅။ ပုရစ်/People’s Spring

မြန်မာနိုင်ငံတွင်းက နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေနဲ့ ဆိုက်ဘာရာဇဝတ်စင်တာတွေရဲ့အမြင့်ဆုံးခေါင်းဆောင် အဆင့်ရှိသူတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုဝင်ဘာ ၁၅ရက် မှာ တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ မြန်မာပြည်တွင်းနဲ့ ပြည်ပမှ လိမ်လည်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုဖို့ လုပ်ဆောင်တာ၊ အမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းဖွဲ့စည်းတာ၊ ရာဇ၀တ်အဖွဲ့အစည်းတွေကို စီးပွါးရေးဆိုင်ရာ ပိတ်ဆို့အရေးယူတာနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့အတွက် ဘဏ္ဍာရေးဌာနက ကြေညာခဲ့တဲ့ လုပ်ဆောင်ခြင်းတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းအားလုံးရဲ့ ကြိုးပမ်းမှုကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရာဇ၀တ်မှုတွေရပ်တန့်ဖို့ ၊ လိမ်လည်ခံရသူတွေရဲ့ ငွေကြေးပြန်လည်ရရှိနိုင်ဖို့နဲ့ လူကုန်ကူးခံရသူတွေကို သူတို့ရဲ့ လူ့အခွင့်အရေးအလေးထားပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ဖို့ နိုင်ငံတကာမှ တိုးမြှင့်ကြိုးပမ်းမှုတွေ လိုအပ်နေသေးတယ်လို့ NUGက ထုတ်ပြန်ပါတယ်။

အဲဒီလို လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်နိုင်ဖို့နဲ့ ဒေသတစ်ခုလုံးအတွက် လိုအပ်သော တည်ငြိမ်အေးချမ်းဖို့ အခြေအနေ ကောင်းတွေ ပံ့ပိုးပေးစေမယ်လို့ ဖော်ပြပါတယ်။

” မြန်မာအကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်တပ်များ၊ မဟာမိတ် ပြည်သူ့စစ်အဖွဲ့များနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများသည် အထက်ပါလိမ်လည်မှု စင်တာများ၏ အကျိုးခံစားခွင့်များကို ရရှိနေသူများဖြစ်သည်”လို့ NUGက ထုတ်ပြန်ပါတယ်။

အဲဒီ အကျိုးအမြတ်ငွေတွေနဲ့ အခြားရာဇ၀တ်မှုများ၊ မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မီးလောင်ရာလေပင့် ဖြစ်စေတယ်လို့လည်း ဖော်ပြပါတယ်။

လိမ်လည်မှုနဲ့ လူကုန်ကူးမှု နှစ်ခုလုံးရဲ့ သားကောင်တွေထဲမှာ မရေတွက်နိုင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာတဝှမ်းက လူများစွာ ပါဝင်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေကို နှိမ်နင်းအမြစ်ဖြတ်ဖို့နဲ့ ထိခိုက်သူတွေကို ပံ့ပိုးကူညီနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (ERO)၊ ကြားဖြတ် မိတ်ဖက်အုပ်ချုပ်ရေး အဖွဲ့အစည်း တွေ၊ နိုင်ငံတကာတရားဥပဒေ စိုးမိုးရေးအဖွဲ့တွေ၊ အခြားသက် ဆိုင်ရာအဖွဲ့တွေနဲ့အတူ ညှိနှိုင်းဆောင်ရွက်သွားဖို့ ကတိကဝတ်ကို ဆက်လက်ကျင့်သုံး သွားမယ်လို့ အသိပေးပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ အလုပ်အဖွဲ့နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီပံ့ပိုးတဲ့အပိုင်းမှာ ပါဝင်လက်ရှိတယ်လု့ ဖော်ပြပါတယ်။

စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စစ်အာဏာရှင်တွေရဲ့ ရာဇ၀တ်မှုဆိုင်ရာလုပ်ငန်းများကို နှိမ်နှင်းနေကြသော နိုင်ငံတကာနဲ့ ပြည်တွင်းရှိသက်ဆိုင်ရာအဖွဲ့များနဲ့ NUG တို့ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ဖော်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေက ရနေတဲ့တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ကာ ထိုငွေတွေကို အသုံးပြုပြီး ကျုးလွန်ထားသော ရာဇဝတ်မှုများ အဆုံးသတ်နိုင်ဖို့ လိမ်လံ လိမ်လည်ခံထား ရသူများ တရားမျှတမှု ရရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အစဉ်တစိုက် လက်တွဲဆောင်ရွက်ဖို့ ကတိပြုကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အခုထုတ်ပြန်ချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ အောက်တိုဘာ ၁၇ ရက်ထုတ် လူကုန်ကူးမှု၊ ဖြားယောင်းလိမ်လည်မှု နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ကြေညာချက်နဲ့ ဆက်စပ်သလို အမျိုးသားညီညွတ်ရေးအစိုးရ၊ KNPP (ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ WLB (Women League Burma) တို့ အခုနှစ် ဇန်နဝါရီ ၂၀ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံတွင် ဆိုက်ဘာ ရာဇ၀တ်မှုများ ကြီးထွားလာနေသော အကျပ်အတည်းနဲ့ ပတ်သက်တဲ့ ပူးတွဲကြေညာချက်နဲ့လည်း ဆက်စပ်ကြောင်း အသိပေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့မဟာမိတ် ကရင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော်(DKBA)နဲ့ အဖွဲ့​ခေါင်း​ဆောင် ၄ဦးအပြင် သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းပြီး အ​ရေးယူဒဏ်ခတ်လိုက်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်ခဲ့တဲ့ DKBA ခေါင်းဆောင်တွေကတော့ စောစတီး၊ စောစိန်ဝင်း၊ စောစန်းအောင်နဲ့ စိုင်းကျော်လှတို့ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို အဓိက တာဝန်ယူတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ရာမှာတော့ DKBAအပြင် ဆက်စပ်ကုမ္ပဏီတွေဖြစ်တဲ့ Trans Asia International Holding Group Thailand နဲ့ Troth Starတို့လည်း အရေးယူ ပိတ်ဆို့ခံရတဲ့ စာရင်းမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ နောက်ပြီး တရုတ် ဒုစရိုက်ဂိုဏ်းတွေနဲ့ အဆက်အစပ် ရှိနေတဲ့ ထိုင်းနိုင်ငံသား ချာမူဆာဝမ်လည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်က ကြေညာခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ အဓိက အကြောင်းရင်းကတော့ အဲဒီလူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းတွေနဲ့ တိုက်ရိုက် ယှက်နွှယ်ပတ်သတ်နေတာကြောင့်လို့ ဖော်ပြထားပါတယ်။

ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေဟာ DKBAနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲမှာ ငွေကြေးလိမ်လည်မှု ဒုစရိုက် ကွန်ရက်တွေ ထူထောင်ထားကြောင်း၊ အဲဒီဂိုဏ်းတွေရဲ့ လူမှောင်ခိုမှုတွေမှာလည်း သားကောင်ဘဝ ကျရောက်ခဲ့သူ အများအပြား ရှိခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဂျွန်ကေ ဟာလေက ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် အလွတ်မပေးစတမ်း ခြေရာခံ ရှာဖွေနေပြီး အမေရိကန် မိသားစုတွေကို ကာကွယ်နေမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

အမေရိကန်မှာ ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI)၊ အထူးလျှို့ဝှက်ထောက်လှမ်းရေးဌာန၊ တရားရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာနတွေ ပူးပေါင်းပြီး ကျားဖြန့် နှိမ်နင်းရေး အထူးတပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းဖို့လည်း စီစဉ်ထားပါတယ်။ အဲဒီ ယူနစ်ရဲ့ ရည်ရွယ်ချက်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေထဲက ကျားဖြန့် ကွန်ရက်တွေကို ဖြိုခွဲဖို့၊ သားကောင်ဖြစ်ခဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ