ဧပြီ ၂၂၊၂၀၂၅။ရဲခေါင်/People’s Spring
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၀၈)လမ်းရှိ တိုက်ခန်းတစ်ခု၌ ဓားပြတိုက်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီ ၂၂ ရက်) နံနက် ၉ နာရီတွင် ဖြစ်ပွားခဲ့ပြီး တစ်ဦးတည်းနေ အသက်(၆၆)နှစ်အရွယ် မအရှာဘီ(ခ)ဒေါ်သန်းသန်းဌေးမှာ အသတ်ခံရပြီး ငွေနှင့်ရွှေထည်ပစ္စည်းများပါသွားခဲ့သည်ဟု ဆိုသည်။
“အမေဆုံးပြီတဲ့။အိမ်မှာ အသတ်ခံရပြီး ငွေတွေယူသွားတာပါ”ဟု ဒေါ်သန်းသန်းဌေး၏ သမီးဖြစ်သူက အခင်းဖြစ်စဥ်နှင့်ဆက်စပ်၍ ၎င်း၏ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် ယနေ့ နေ့လည်ပိုင်းက အသိပေးရေးသားထားသည်။

Public Service Announcement
ဒေါ်သန်းသန်းဌေးသည် မေလ ၆ ရက်တွင် ပြည်ပရှိ ဆွေမျိုးများရှိရာသို့ ထွက်ခွာရန် ပြင်ဆင်ထား ကြောင်းလည်း ၎င်းနှင့်နီးစပ်သူအချို့က ပြောသည်။
“၁၀၈ လမ်းက အင်မတန် လူစည်ကားတဲ့နေရာ။ အခင်းဖြစ်ပွားတဲ့ လမ်းနှင့် မင်္ဂလာတောင်ညွှန့် ရဲ စခန်းမှာ လေချွန်ရင်တောင် ကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အခင်းဖြစ်စဥ်နှင့်ဆက်စပ်၍ မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းကို လူထုနွေဦးက ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်းမရှိပေ။
မတ်လ ၁၀ရက်ကလည်း တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်၊ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခုတွင် အနုကြမ်းစီးခံရမှု ဖြစ်ပွားခဲ့သည်။
ထို့အပြင် ရန်ကုန်မြို့တွင် ကုန်စုံဆိုင်အတွင်း၌ပါ လူသတ်ငွေလုသည့်ဖြစ်စဥ်ရှိခဲ့ပြီး ခိုးဆိုးလုယက်မှုနှင့် အနုကြမ်းစီးခံရသည့် ဖြစ်စဥ်များ ပေါလာမှုမှာ အုပ်ချုပ်နေသူများ၏ အသုံးမကျမှုကြောင့်ဟု ရန်ကုန်မြို့နေပြည်သူအချို့က ဝေဖန်သည်။
