ဧပြီ – ၁၉ ၊၂၀၂၅၊ နိုင်ပကောင်း/ People’s Spring
သင်္ကြန် ကာလ အတွင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ကျုံဒိုးမြို့အနီးက ကျေးရွာ နှစ်ရွာကို စစ်ကောင်စီလေတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်သည်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို သင်္ကြန် အကြတ်နဲ့ အတက်နေ့တွေ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ရွာတွေကတော့ ကမ်းနီရွာ နဲ့ မြောက်ကမ္မရိုက်ရွာတို့ ဖြစ်ပါတယ်။
သင်္ကြန်အကြတ်နေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်က ကမ်းနီရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး ၊ အသက် ၁၅ နှစ်အရွယ်ကလေး ၁ ဦး ၊ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၁ဦး ၊အသက် ၇၆ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသမီးကြီး ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒါအပြင် အရပ်သားပြည်သူ ၇ ဦး၊ ကိုရင် ၈ ပါး နဲ့ ဦးဇင်း ၂ ပါး စုစုပေါင်း ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း MLA က အသိပေးထားပါတယ်။
ကမ်းနီရွာကို စစ်ကောင်စီလေတပ်က ရုရှားထုတ် YAK – 130 ဂျက်တိုက်လေယာဉ်အမျိုးအစားနဲ့ ဗုံးကြဲ တိုက်ခိုက်သွားတာလို့ MLAက ဆိုပါတယ်။
နောက်ရက် သင်္ကြန်အတက်နေ့ နေ့ခင်းပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်မှာ လည်း ကျုံဒိုးမြို့ တောင်ဘက် ရှိ မြောက်ကမ္မရိုက်ကျေးရွာ ဗုံးကြဲခံရတာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးသေဆုံးသွားပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ MLA က ဖော်ပြပါတယ်။
မြောက်ကမ္မရိုက် ကျေးရွာကို အပေ့ါစားထောက်ပို့လေယာဉ် Y -12 နဲ့ ဗုံးကြဲ တိုက်ခိုက်တာလို့ MLA ကအသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်သည် မနှင်းဦး ရဲ့ နောက်ကျောဘက် ဒဏ်ရာရပြီး ထိမှန်တဲ့နေရာမှာတင် သေဆုံးသွားခဲ့ရတယ်လို့ MLA က ဆိုပါတယ်။
ဒါအပြင် ကျေးရွာမှာရှိတဲ့ အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး ၊ အမျိုးသား ၂ ဦး စုစုပေါင်းအရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
အခုလိုသတင်းအချက်အလက်ကိုမြေပြင်မှာရှိတဲ့တပ်မှုးတွေဆီက တဆင့်သိရတာလို့ MLA က အသိပေးထားပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ အမည် ၊ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) ဟာ ကရင်ပြည်နယ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း ကော့ကရိတ် – ကျုံဒိုး လမ်းတလျှောက်နဲ့ ကော့ကရိတ်မြို့ မြောက်ပိုင်း မြပတိုင်ရွာ ၊ ရင်ကွဲတောင်စခန်းတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲ တွေဖြစ်ခဲ့တာပါ။
ဒီနေ့မှာတော့ ကျုံဒိုးမြို့အနီးတဝိုက်ကကျေးရွာမှာတွေမှာ တိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပိတ်မိနေကြသူတွေ ရွာတွေကနေ ထွက်ခွာလာကြတာရှိတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။
စစ်ကောင်စီလေတပ် ရဲ့လေယာဉ်တွေလည်း ကျုံဒိုးမြို့တဝိုက်ပျံဝဲတာရှိတယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။
