ဧပြီ ၁၈၊၂၀၂၅။ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နန်းတည်ကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၈ရက်) နေ့လည် ၃နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ မိထ္တီလာလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခံခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။
သေဆုံးသူအမျိုးသမီးများသည် မိန်းကလေးတစ်ဦး၊ အသက် (၆၀)နှင့် (၅၀)ခန့်ဟု ကနဦး သိရသည်။

Public Service Announcement
“နေအိမ်ပေါ် ဗုံးကျတာမှာ အိမ်ထဲဟင်းချက်ဖို့ လုပ်နေတဲ့ အမျိုးသမီးတွေ ဆုံးသွားကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုဖြစ်စဥ်မတိုင်မီကလည်း တောင်သာမြို့နယ်ကို စစ်ကောင်စီသည် စက်တပ်လေထီးဖြင့် အရပ်သားများ ပစ်မှတ်ထား၍ အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် ပြည်သူ ဆယ်နှင့်ချီ သေဆုံးခဲ့ရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ဦးထက်မနည်း သေဆုံးခဲ့သည်။
ငလျင်ဘေးကယ်ဆယ်ရေးလုပ်ရမည့်အစား စစ်ကောင်စီသည် နိုင်ငံအနှံ့လေကြောင်းမှ တိုက်ခိုက်ဗုံးကြဲနေကြောင်းလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။
