ဧပြီ-၁၃၊၂၀၂၅။ဟာနာဆန်/People’s Spring
ကမ္ဘာ့ကပ်ရောဂါကိုဗစ်19၊ အာဏာသိမ်းကာလ ၄ နှစ်နဲ့ အာဏာသိမ်းထားတုန်း ငလျင်ပါထပ်လှုပ်တဲ့ ၂၀၂၅ သင်္ကြန်ကာလနဲ့ပါ ထပ်ပေါင်းရင် သင်္ကြန်စစ်စစ် မဖြစ်တာ ၆ နှစ်ရှိခဲ့ပါပြီ။
ဒီနေ့ မန္တလေးသင်္ကြန်အကြိုနေ့မှာတော့ နေအိမ်တချို့မှာ သိကြားမင်းကြိုထားတဲ့ အတာအိုးတချို့တွေ့ရတယ်။ အိမ်ပေါက်စေ့တော့ မကြိုနိုင်ကြတော့ပါဘူး။
ဥပုသ်သီတင်းသီလစောင့်ဖို့ ပြိုလဲအက်ကွဲနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေဆီ သွားသူတွေလည်း ရှိတယ်။ ပြိုပျက်နေတဲ့အဆောက်အဦးတွေနားမှာ ကလေးတချို့တလေ ရေပက်နေတာကလွဲလို့ သင်္ကြန်ဆိုတာ အားလုံးမေ့လျော့နေကြတယ်။

Public Service Announcement
မနက် ၈ နာရီ ၅၅ မိနစ်မှာတော့ ငလျင်လှုပ်တယ်။ မိတ္ထီလာမြို့အနီးကို ဗဟိုပြုလှုပ်တဲ့ ငလျင်လို့ဆိုတယ်။ ပြင်းအား ၅.၅အဆင့်ရှိတယ်လို့ ဆိုတယ်။ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် နှစ်ပတ်ကျော်အကြာ ပြင်းအားအများဆုံး လှုပ်ခတ်တဲ့ ငလျင်ပါ။
နေအိမ်တွေပေါ် ပြန်မတက်ရဲသေးတဲ့ မန္တလေးသူ မန္တလေးသားတွေအတွက် ဒီကနေ့မနက်ပိုင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ သူတို့ကို လမ်းပေါ်မှာနေကြဦးလို့ ဆိုလိုက်သလိုပါပဲ။ ဒါ့အပြင် မန္တလေးမြို့ထဲက ပြိုလုလု တိုက်တချို့လည်း ဒီနေ့မနက်ငလျင်မှာ ထပ်ပြိုလဲသွားခဲ့တယ်။ မဖြိုဖျက်ရသေးတဲ့၊ ယိုင်နေတဲ့တိုက်တွေ အများအပြား ရာနှုန်းပြည့်မဖြိုဖျက်ရသေးတာကြောင့် ပြည်သူတွေ စိုးရိမ်မှုတွေ ပြန်မြင့်တက်လာခဲ့ပါတယ်။
မန္တလေးဟာ နေ့ခင်းမှာ ကြွပ်ကြွပ်ပူအောင် ပူပြင်းနေပြီး ကယ်ဆယ်ရေးစခန်းတွေရောက်နေတဲ့ပြည်သူတွေ အပူဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတယ်။ ဒါ့အပြင် မိုးကသည်းသည်းမည်းမည်းရွာချလိုက်တာကြောင့် ညဘက်အိပ်စက်ဖို့ပါ အခက်အခဲတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
