ဧပြီ ၁၄၊၂၀၂၅။ဟန်နွေ/People’s Spring
ချင်းပြည်တခွင်လုံး စစ်အာဏာရှင်ကျဆုံး၍ ချင်းတစ်ပြည်လုံးလွတ်မြောက်ရန် လက်တကမ်းသာလိုတော့သည့်အချိန်သို့ ရောက်ရှိနေပြီကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးအင်အားစုများ အချင်းချင်းကြားဖြစ်ပွားသော မည်သည့် အငြင်းပွားမှုကိုမဆိုမိတ်ဖက် ပဋိပက္ခများအဖြစ်မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဟု ဖော်ပြသည်။
ဧပြီ ၁၃ရက်တွင် ကျရောက်သည့် ICNCC ဖွဲ့စည်းမှု (၄)နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်၌ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ ချင်းညီနောင်သည် ချင်းပြည်တွင်းရှိ ချင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစုတခုဖြစ်သော ချင်းပြည်ကောင်စီ နှင့် ပြဿနာအချို့ရှိနေသော်လည်း ချင်းအမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဖက်အကြား ဆွေးနွေးနေဆဲဖြစ်သည်။
ICNCC၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ အတင်းအမ္မဖြင့် ကျင်းပရန်ကြိုးစား စီစဉ်နေသည့် ရွေးကောက်ပွဲသည်လည်း ချင်းပြည်အတွင်း လုံးဝဆောင်ရွက်ကျင်းပနိုင်မည်မဟုတ် သကဲ့သို့ ချင်းပြည်သူများကိုလည်းဤကဲ့သို့သော စစ်ကောင်စီ၏ ကြိုးစားမှုများတွင် ပါဝင်ခြင်း၊ ထောက်ခံ ပံ့ပိုးခြင်းများမလုပ်ဆောင်ကြရန် ကြိုတင် သတိပေးကြောင်း ဖော်ပြထားသည်။

Public Service Announcement
ICNCCသည် ချင်းညီနောင်နှင့် နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ချင်းညီနောင် (Chin Brotherhood)မှ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းယူသော စစ်ကောင်စီကို တွန်းလှန်တိုက်ထုတ်ရာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်ဟု အသိပေးသည်။
ICNCC/CB အနေဖြင့် မဟာမိတ်များနှင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
ချင်းညီနောင် စစ်ရေးခေါင်းဆောင်များအပါအဝင် တာဝန်ရှိသူများ အမြဲပြောနေသည်မှာ စစ်ကို စစ်နှင့်တူအောင် တိုက်မည်ဆိုသည့် အချက်ဖြစ်ကြောင်း ICNCC သဘာပတိ တစ်ဦးဖြစ်သူ မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်က ဖလမ်းမြို့သိမ်းတိုက်ပွဲ ကြေညာသည့် အခမ်းအနား၌ ပြောကြားသည်။
” ကျနော်တို့ဟာ တကယ် တော်လှန်ရေးကို တကယ်တော်လှန်ရေးနဲ့တူအောင် တိုက်ပွဲဝင်ရင် အောင်မြင်မှုတွေရတယ်ဆိုတာ နိုင်ငံလုံးက အားလုံးသိရှိပြီးဖြစ်တယ်။ ဒါကြောင့် မို့လို့ ဒီလိုတော်လှန် ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ အယောက်စီတိုင်းကို လေးစားတယ် ဂုဏ်ယူတယ်မှတ်တမ်းလည်းတင်တယ်။ ဒီလိုပဲ အသက်တွေ ခန္ဓာကိုယ် တွေ ဘ၀တွေ ပေးဆပ်သွားတဲ့သူတွေကိုလည်း အမြဲတမ်း လေးစား ဂုဏ်ယူမှတ်တမ်းတင်နေမှာဖြစ်တယ်”ဟု ဦးနေလင်းအောင်က ပြောသည်။
တတိုင်းပြည်လုံး စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းရာ၌ ချင်းညီနောင်၏ အောင်ပွဲများနှင့်အတူ အခြားသော မြန်မာတနိုင်ငံလုံးရှိ တော်လှန်ရေး ရဲဘော်များက ချိတ်ဆက်ဆောင်ရွက်မှုများနှင့်အတူ အောင်ပွဲရကြစေရေး အတူတူတိုက်ပွဲဝင်ကြရအောင် ဟုလည်း ဦးနေလင်းအောင်က တိုက်တွန်းခဲ့သည်။
ချင်းလူမျိုးများသည် လူ့သမိုင်းတစ်လျှောက် အတူယှဉ်တွဲ နေထိုင်ခဲ့ကြသူများဖြစ်ရုံမက တော်လှန်ရေးအဆက်ဆက် လူမျိုးစုတစုနှင့်တစု ကူညီရိုင်းပင်းလျက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအလို့ငှာ ဘုံရန်သူကို လက်တွဲ့တိုက်ပွဲဝင်ခဲ့ကြသူများလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် ဘုံရန်သူ ဖြစ်သော စစ်အာဏာရှင်တိုက်ထုတ်ရာတွင် အငြင်းပွားဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကိုရှောင် ကြဉ်ရန် အထူးတိုက်တွန်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
စစ်အာဏာရှင်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး တိုက်ပွဲများ အတွင်း အသက်နှင့်ခန္ဓာပေးဆပ်ခဲ့သည့် သူရဲကောင်းများအတွက်လည်း ဝမ်းနည်းကြေကွဲစွာနဲ့ လေးစားဦးညွှတ်ကြောင်း ဖော်ပြခဲ့ပြီး ရာထူးအဆောင်အယောင်နှင့် ရပိုင်ခွင့်များကိုစွန့်လွတ်ပြီး အခက်အခဲ ပေါင်းဆုံကြားမှ ယနေ့အချိန်ထိ ဆက်လက်ကြံ့ကြံ့ခံတော်လှန်နေကြသော CDMများ၊စစ်အာဏာရှင် စနစ်အမြစ်ပြုတ်ရန် နည်းလမ်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသော တော်လှန်ပြည်သူများနှင့် ထောက်ပို့ ပြည်သူများအားလုံးကိုလည်း လေးစားဂုဏ်ပြု ကြောင်းလည်း ဖော်ပြသည်။
