ဧပြီ-၁၄၊၂၀၂၅။ဇော်ရမ်း/People’s Spring
တော်လှန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့ (ဧပြီ ၁၄)လေကြောင်းမှ ဗုံးကြဲခဲ့သည်။
အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာကို ဧပြီလ ၁၄ရက် နေ့လည် ၁၁ နာရီ ၄၈ မိနစ်တွင် ဗုံး၂လုံးကြဲခြင်းဖြစ်သည်။ဘုန်းကြီးကျောင်းထိမှန်ကာ ကျောင်းဆောင်ပျက်စီးခဲ့ပြီး အရပ်သားအချိုထိခိုက်ဒဏ်ရာရထားကြောင်း Indaw Revolution-IRက ထုတ်ပြန်ထားသည်။ ဗုံးကြဲမှုကြောင့်ထိခိုက်မှုအခြေအနေကိုအသေးစိတ်မသိရှိရသေးပေ။
“အခုတင် အင်းတော်ဘက် လေယာဉ်နဲ့ကြဲသွားပါတယ်။ကောလင်း၊ထီးချိုင့်၊အင်းတော်၊ဝန်းသို၊ ပြည်သူများ ဂရုစိုက်ကြပါ။ အိမ်တိုင်းဗုံးခိုကျင်းတူးထားကြပါ။ လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းပါ။ အသက်ကိုဉာဏ်စောင့်ပါတယ်။ မအလရဲ့ လေယာဉ်တွေမကုန်မချင်း ဗုံးခိုကျင်းက တူးကိုတူးထားရမှာပါ။မပေါ့ဆကြပါနဲ့ခင်ဗျ”ဟု Indaw Revolution-IR ကသတိပေးထားသည်။

Public Service Announcement
အင်းတော်မြို့ကို KIA ၊ ABSDF ၊ PDF ၊ပကဖ ပူးပေါင်းတပ်များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏အစီအစဥ်ဖြင့် မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး ဧပြီလ၇ရက်၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်စစ်သုံ့ပန်းအများပြားကိုလည်းဖမ်းဆီးထားသည်။
အင်းတော်မြို့ဆုံးရှုံးသွားပြီးနောက် စစ်ကောင်စီတပ်က ကောလင်း၊ ဝန်းသိုမြို့တို့ကိုလေကြောင်းမှတိုက်ခိုက်ခဲ့သလိုဒေသတွင်းရှိကသာနှင့်ထီးချိုင့်မြို့မှဒေသခံများလည်း လေကြောင်းအန္တရာယ်သတိပြုရန် သတိပေးထားသည်။
စစ်ကောင်စီသည် မြန်မာပြည်သူများတန်ဖိုးထားသည့် မဟာသင်္ကြန်ပွဲတော်ကာလမှာပင် ကျောက်တော် ၊ကောလင်း ၊သပိတ်ကျင်း၊ ကနီ၊ အင်းတော် ၊ဗန်းမော်၊မင်းတပ် စသဖြင့် နိုင်ငံတစ်ဝန်း ဗုံးဆက်တိုက်ကြဲနေခြင်းဖြစ်သည်။
