ဆိုင်းမင်း/People’s Spring
မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာမှာ ရက်သတ္တပတ် သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အချို့ ထံကနေ သိရပါတယ်။
ရေလယ်ကျွန်းဒေသရှိ ရေစကြိုမြို့နယ်နဲ့ မြောင် မြို့နယ်အစပ်က ရွာတွေ ဟာ ဖေဖော်ဝါရီလ ၂၆ ရက်ကစတင်ပြီး မတ်လ ၁၈ ရက်အထိ စစ်ကြောင်းထိုးခံရတာပါ။
စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာပြီးနောက် ဒေသခံအချို့ ရွာထဲ ပြန်ဝင်ရာမှာ သတ်ဖြတ်ခံထားရသူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရတာလို့သိရပါတယ်။

Public Service Announcement
ရေလယ်ကျွန်းဒေသ မြေစွန်းတော်ရွာ က ၈ ဦး ၊ မာလကာခြံရွာက ၂ ဦး ၊ သာခေါင်ရွာ ၆ ဦး ၊ မြေတော်ကျေးရွာ ၂ ဦး စုစုပေါင်း ၁၈ ဦးသတ်ဖြတ်ခံရတာကို သိရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ ဝင်က အသိပေးပါတယ်။
” မီးရှို့သတ်တာတွေကော၊ ခေါင်းဖြတ်သတ်တာတွေကောလုပ်သွားတာ “လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
အမျိုးသားအများစုသတ်ဖြတ်ခံရတာဖြစ်ပြီး အသက်အရွယ် ၊ ကျားမ အချိုးအစားကိုတော့ အသေးစိတ်မသိရသေးပါဘူး။
ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကိုဖေဖော်ဝါရီ ၂၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ၂သောင်းနီးပါးခန့် လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း တို့ နဲ့ထိစပ်နေပြီး မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ကျေးရွာတွေကိုလည်း မီးတင်ရှို့တာတွေပြုလုပ်ထားပါတယ်။
မြေစွန်းတော်ရွာကို မတ်လ လဆန်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးနောက် မီးရှို့ဖျက်ဆီးထားတာကိုတွေ့ရပုံ
