မတ်-၃၀၊၂၀၂၅။ဒီဒီး၊သတိုး/People’s Spring
အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးမှု ၄၀၀ကျော်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။
ငလျင်လှုပ်အပြီး ၃ရက်မြောက်နေ့ ဒီကနေ့(မတ်လ ၃၀ရက်) နေ့လည်ပိုင်းအထိ ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများအပါအဝင် ဗလီပြိုကျမှုကြောင့် စုစုပေါင်း အစ္စလာမ်ဘာသာဝင်တွေ သေဆုံးမှု ၄၀၀ကျော်အထိ ရှိလာတယ် ဦးခင်မောင်သန်းက ပြောပါတယ်။
စက်ယန္တရားများငှားရမ်းရ၍ ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ခဲ့ပြီး ဒီနေ့မှာ ရုပ်အလောင်းအချို့ ထပ်မံတွေ့ခဲ့တယ်လို့လည်း ဦးခင်မောင်သန်းက ပြောပါတယ်။

Public Service Announcement
” သင်္ချိုင်းစာရင်းအရတော့ လေးရာကျော်လောက်ရှိတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ အနည်းငယ်ပဲ တိုးတော့မယ်။ တချို့ Dead Body တွေ မနေ့ကအထိ ဖော်မရတာ။ ဒီနေ့ တော်တော်များများဖော်ရနေပြီ။ တိုးနိုင်ခြေကတော့ နည်းနည်းလောက်ပဲရှိတော့မယ်။ ရာခိုင်နှုန်းသိပ်မများနိုင်ဘူး”ဟု ဦးခင်မောင်သန်းက ပြောပါတယ်။
မန္တလေးမြို့မှာ ဗလီ ၄၀ကျော်ရှိတဲ့အနက် ၃၀ကျော်မှာ ထိခိုက်ပျက်စီးခဲ့ပြီး ၁၀လုံးခန့်မှာ အလုံးစုံပြိုကျခဲ့တယ်လို့ ဦးခင်မောင်သန်းက ပြောပါတယ်။ ဗလီပြိုကျလို့ သေဆုံးမှုတွေထဲက အမရပူရဗလီ ပြိုကျမှုတစ်ခုတည်းမှာဘဲ လူ၁၅၀ကျော် သေဆုံးခဲ့ရပြီး အမြောက်တန်းဗလီပြိုကျမှုမှာ လူ ၃၀ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေးမြို့မှာ ငလျင်လှုပ်အပြီး သုံးရက်မြောက်နေ့မှာ ရေပြတ်လပ်မှု ဆိုးရွားစွာကြုံတွေ့နေရတယ်လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
” အဓိကလိုအပ်ချက်ကတော့ သောက်သုံးရေရယ်၊ အစိုးရဘက်က မီးမပေးနိုင်ဘူး။ ရေမပေးနိုင်တော့ပေါ့ဗျာ။ ချိုးရေပေါ့။ ကျုံးရေတွင်းကရတော့ တချို့က ကျုံးတွင်းတွေ သွားချိုးနေတယ်။ အဓိကသောက်သုံးရေပြဿနာရှိတယ်”လို့ ၎င်းက ပြောပါတယ်။
ဒါအပြင် လျှပ်စစ်မီးမရ၍ စက်သုံးဆီပြတ်လပ်မှုလည်းကြုံနေရပြီး ဆီဆိုင်အချို့မှာ စုပြုံတိုးဝယ်ယူနေရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
” လမ်းပေါ်မှာရှိတဲ့ လျှပ်စစ်တိုင်တွေ မရှင်းနိုင်တော့ သွားရေးလာရေးအခက်အခဲနဲ့ လျှပ်စစ်မီးအခက်အခဲက ဒုတိယအခက်အခဲဖြစ်နေတယ်။တတိယအခက်အခဲကတော့ စက်သုံးဆီပေါ့။ မီးစက်နှိုးရတော့ မီးစက်အတွက် ဆီဝယ်လို့မရဘူးဖြစ်နေတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့မှာတော့ မြို့ပေါ်က စားသောက်ဆိုင်တချို့ ပြန်လည်ဖွင့်လှစ် ရောင်းချပေးတော တွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“ကျန်တဲ့အခက်အခဲပိုင်းကတော့ ကျုံးဘေးတွေ လမ်းဘေးတွေမှာ နေနေရတဲ့သူတွေက နေကတအားပူတယ်။ အမိုးအကာတွေမရှိဘူး။ သူတို့အတွက် အစားအသောက်ကို ဖန်တီးပေးနိုင်ဖို့မရှိဘူး။ပရဟိတသမားတွေလည်း အနည်းအကျဉ်းလောက်ပဲ ဝင်နိုင်တယ်။ မလောက်ငှဘူးပေါ့။ အစားအစာ ရေ ကတော်တော် စိန်ခေါ်မှုဖြစ်တယ်။ ဖြစ်နိုင်ရင် ကန့်တဲတွေဘာတွေ လမ်းဘေးမှာ ထိုးပေးနိုင်တဲ့ အနေအထားတွေဖြစ်ပေးစေချင်တယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယမြောက်နေ့ ဒီကနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာ
စကေး ၅ ဒသမ ၁ ရှိသောမြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။
ကမ္ဘာတစ်ဝန်းမြေငလျင် သတင်းများကိုတိုင်းတာထုတ်ပြန်ပေးနေသော အမေရီကန် အခြေစိုက် USGS က မန္တလေးမြို့ မြောက် ၊အနောက်မြောက်ဘက် ၁၈ မိုင်ခန့်အကွာ မြေအနက် ၆ မိုင်ကျော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်အား ၅ ဒသမ ၁ ရှိကြောင်းထုတ်ပြန်သည်။
