▪︎”အဆောက်အဦးတွေက ပြိုကျပြီးရေထဲကိုဖိချသွားတယ်။အဲ့ဒါကြောင့်ရေနစ်ပြီး မိသားစုလိုက်တွေသေကြတယ်”
- – ကယ်ဆယ်ရေးလုပ်နေသောဒေသခံတဦး
မတ်-၂၉၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေး ဒေသရှိ ကေလာရွာတွင် ငလျင်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာကြောင်းဒေသခံအချို့ကလူထုနွေဦးသို့ ပြောသည်။
လူဦးရေ ၁,၀၀၀ ကျော်ရှိသော ကေလာရွာသည် ဖောင်တော်ဦးဘုရားအနီးတွင်ရှိကာ ယမန်နေ့

Public Service Announcement
(မတ်လ ၂၈ ရက်)က ပြင်းထန်သည့် ငလျင်ဒဏ်ကိုခံစားခဲ့ရပြီး ရေပေါ်တွင် ဆောက်ထားသည့် နေအိမ်အလုံး ၃၀ ထက်မနည်း နစ်မြှုပ်ခဲ့ကြောင်း အသိပေးသည်။
“အဆောက်အဦးတွေက ပြိုကျပြီးရေထဲကိုဖိချသွားတယ်။အဲ့ဒါကြောင့်ရေနစ်ပြီး မိသားစုလိုက်တွေသေကြတယ်”ဟု ကေလာရွာတွင် ကူညီရေးလုပ်နေသူတစ်ဦး က လူသေဆုံးမှုများရသည့်အကြောင်းကို ရှင်းပြသည်။
လက်ရှိတွင် ကူညီကယ်ဆယ်မှုများ မလောက်ငှခြင်း နှင့်အတူဆေးဝါးနှင့်အစားအသောက်များအရေးပေါ် လိုအပ်နေကြောင်းလည်း ၎င်းက မေတ္တာရပ်ခံသည်။
“အလောင်းတွေ့တာ ဒီနေ့နဲ့ဆို ငါးဆယ်ကျော်ပြီ။ကေလာ တစ်ရွာထဲကပါ”ဟု အင်းလေးဒေသ ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အင်းလေးဒေသတွင်ကေလာရွာအပြင်ဟဲယာရွာမ ၊ သလဲဦးအင်း နှင့် နန်းပန် တို့တွင်လည်း နေအိမ်များပျက်စီးကာ လူထိခိုက် သေဆုံးသူ ၃၀ ထက်မနည်းရှိကြောင်း မတ်လ ၂၈ ရက်တွင်ကနဦးရရှိထားသည့် အချက် အလက်များအရ သိရသည်။
အင်းလေးလူထုလှုပ်ရှားမှု(Voice Of Inlay )၏ မတ်လ ၂၈ ရက်သေဆုံးထိခိုက်မှု အချက် အလက်များအရ နန်းပန်ရွာ ၂၅ ဦး နှင့် ရွာမ ၅ ဦး နှင့် ကေလာရွာ ထိခိုက်မှုများမည်ဟု မတ်လ ၂၈ ရက်က ကအသိပေးထားသည်။ထိုကြောင့် ကနဦးသတင်းအရပင် သေဆုံးမှု ၈၀ကျော်ရှိနေပြီဖြစ်သည်။
“အင်းလေးဒေသ ရေပေါ်ကရွာတွေ ငလျှင်ဒဏ်ကြောင့်မနည်းမနောပျက်စီးရ။ လူသေတာတွေ လည်းရှိတယ်။မြေပေါ်မှာလို ကုပ်အားမရှိတော့ အိမ်အလုံးလိုက်တွေ လဲကျ ပြိုကျ ပျက်စီး သေဆုံးကြရတယ်”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီကမူ ငလျင်ကြောင့် အရေးပေါ်အခြေအနေကိုကြေညာရာတွင် တော်လှန်ရေးအဖွဲ့များက အပြည့်အဝနီးပါးထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းကိုသာ ထည့်သွင်းခဲ့ပြီးကျန်ဒေသများကို မထည့်သွင်းပေ။
