close
Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်-မကွေးအစပ်တိုက်ပွဲများတွင်စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများ

ဗိုလ်ကြီး ၂ဦးအပါအဝင် စစ်သုံ့ပန်း ၁၂ဦးဖမ်းမိ၊ လက်နက်ခဲယမ်းများသိမ်းဆီးရရှိပြီး မြေပြန့်ဒေသအထိစစ်ရှိန်မြှင့်မည်ဟုPRA မ​ကွေး အသိပေး

PRA-မ​ကွေး က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်သားရုပ်အ​လောင်းတစ်ခု။ ဓါတ်ပုံ-PRA-မ​ကွေး

ဟန်နွေ/People’s Spring

ရက္ခိုင်- မကွေး အစပ်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဇန်နဝါရီလ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရသူ ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူများစွာရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-မ​ကွေး) စစ်ရေးတာဝန်ခံကိုနောင်သူရိန်ကပြောသည်။

ဇန်နဝါရီလ အတွင်း တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ရာ စစ်ပွဲများမှထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးခြင်း၊ တိုက်ပွဲများ အတွင်းဖမ်းဆီးခြင်းစသဖြင့် ခမရ (၁၁၃) မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၂) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ ထို့အပြင် ဗိုလ်ကြီး (၂) ဦး၊ အရာခံဗိုလ် (၁) ဦးအပါအဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PRA မကွေးက ယ​နေ့( ဇန်နဝါရီ ၂၃ ရက်​​နေ့) သတင်းထုတ်ပြန်သည်။

PRA-မ​ကွေး က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်သားရုပ်အ​လောင်းတစ်ခု။ ဓါတ်ပုံ-PRA-မ​ကွေး

“အဓိကတော့ရက္ခိုင်မကွေးနယ်စပ်တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့သူတွေပေါ့နော်။နောက်တခုကစစ်ကြောင်းထိုးလာတဲ့သူတွေရှိတယ်။ပြီးတဲ့အခါတနေရာနဲ့တနေရာပူးပေါင်းတဲ့သူတွေရှိတယ်။ကျနော်တို့ဖမ်းဆီးရမိတဲ့ပုံစံတွေကတော့မျိုးစုံလို့ပြောလို့ရတယ်” ဟု PRA မကွေး စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှု အခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းစစ်ရေး အခြေအနေမှာစစ်ကောင်စီဘက်ကအင်အားဖြည့်တင်းနေသည်ဟုသိရသည်။

“၉၉ တပ်မ တခုလုံးဒီဘက်ကို အင်အားဖြည့်တင်းနေတာတွေ့ရတယ်။ ပြီးတဲ့အခါမှာလေကြောင်း ပစ်ကူလက်နက်ကြီးပစ်ကူပေးနေတာရှိတယ်။ဒီကြားထဲမှာပဲတိုက်ပွဲအတွင်းကထွက်ပြေးလာတဲ့သူတွေရှိတယ်။ အဲဒီတော့နေ့စဉ်နဲ့အမျှတော့ထိတွေ့မှုတွေဖမ်းဆီးရရှိမှုတွေဖြစ်နေတယ်လို့ ပြောလို့ရတယ်”ဟု ကိုနောင်သူရိန်ကပြောသည်။

အဆိုပါတိုက်ပွဲများမှ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ လက်နက်ငယ် (၈) လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်။

ထိုအပြင် ဇန်နဝါရီ၁၉ရက်က ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာအနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ၌ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်းလည်း PRA မကွေးကအသိပေးသည်။

စစ်သားရုပ်အ​လောင်းတစ်ခု။ ဓါတ်ပုံ-PRA-မ​ကွေး

ပဒါန်းဘက်မှတက်လာသော စစ်ကောင်စီအင်အား (၁၀၀) ခန့် ပါဝင်သော ခဲယမ်းတင်ကား (၄) စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား (၁) စီး ပျက်စီးသွားခဲ့ပြီး (၅) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည်။

အလားတူ ဇန်နဝါရီလ (၇) ရက်နေ့တွင်လည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား (၃၀) ခန့် ပါဝင်သော စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၄ ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရရှိခဲ့ဟုအသိပေးသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-မ​ကွေး) သည် စစ်ရေးဆိုင်ရာရည်မှန်းချက်များအတိုင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသများအထိ ထိုးစစ်အရှိန်မြှင့်တင် သွားမည်ဟုအသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ