မြန်မာဖက်ခြမ်းမှာ စစ်ရေးအခြေအနေ ငြိမ်သက်လာတဲ့နောက် ထိုင်းနိုင်ငံပိုင်နက်ထဲ သွားရောက် ခိုလှုံနေတဲ့ ကရင် စစ်ရှောင်ပြည်သူ ၁၀၀ကျော် နေရပ်ပြန်ခဲ့ကြောင်း သိရပါတယ်။
အဲဒီ ကရင် စစ်ရှောင်တွေဟာ တက်ခ်ပြည်နယ်ရဲ့ သာဆောင်ယန် ခရိုင်ထဲမှာ ယာယီသွားရောက် ခိုလှုံနေခဲ့တာ ဖြစ်ပါတယ်။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ဟာ သာဆောင်ယန် ခရိုင်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်း တစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ အဲဒီ စခန်းကို သိမ်းယူတဲ့ တိုက်ပွဲဟာ ရက်အတန်ကြာအောင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေခဲ့ချိန် အတောအတွင်း ထိုင်းဖက်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ နေရပ်စွန့်ခွာ စစ်ရှောင်တွေဟာ အခုသီတင်းပတ်မှာတော့ နေရပ်ပြန်ကြတာ ဖြစ်ပါတယ်။
KNLAဟာ အဲဒီစခန်းကို ဒရုန်းတွေ အသုံးပြုပြီး အပြင်းအထန် ဗုံးကြဲခဲ့ကြောင်း၊ စစ်ကောင်စီ စခန်းဟာ လွယ်လွယ်နဲ့ ကျသွားမယ်လို့ မထင်ခဲ့ကြောင်း KNLA တပ်မှူး တစ်ဦးက ဆိုပါတယ်။ စခန်းသိမ်းပွဲအတွင်း စစ်ကောင်စီ တပ်သားတွေ ချန်ထားခဲ့တဲ့ စစ်လက်နက် ခဲယမ်း အမြောက်အမြားကိုလည်း KNLAက သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
KNLAက လွန်ခဲ့တဲ့ ၃ လတာအတွင်း ထိုင်း-မြန်မာ နယ်စပ်တလျှောက်အပြင် မြန်မာပိုင်နက်ဖက် ပိုပြီး အတွင်းကျကျ တည်ရှိနေတဲ့ စစ်ကောင်စီ စခန်းပေါင်း ၃၆ ခုထက်မနည်းကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်မှုအတွင်း ပွိုင့်ဖိုက် စက်သေနတ်နဲ့ လက်နက်ကြီးအပါအဝင် လက်နက် ၇လက် သိမ်းရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက မတ်လ ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။
ခလယ်ဒေးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာလုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄)တို့က မတ်လ ၂၂ရက်မှာ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၄ရက်မြောက် မတ်လ ၂၅ရက်မှာ သိမ်းရခဲ့ပါတယ်။
ကိုးကား: Thai PBS
