close
Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်၌ KIAနှင့် TNLAအကြားအငြင်းပွားမှု နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစု ပြေလည်စေလိမ့်မည်ဟု NUG မေတ္တာရပ်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြေပြင်အငြင်းပွားမှုအချို့ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး စိုးရိမ်ပူပန်မှုများဖြစ်ပေါ် နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA)နှစ်ဖက်အဖွဲ့ ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်းပါက ပြဿနာအများစုပြေလည်လိမ့်မည်ဟု နားလည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(မတ်လ ၁၄ရက်) မေတ္တာရပ်ခံ ထုတ်ပြန်သည်။

PSLF/TNLA ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် KIO/KIA ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လတို့အား၂၀၂၃ မတ်လကအတူတွေ့ရစဥ်။ ဓာတ်ပုံ - ဆိုရ်ဒါင်း

▪️ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရာတွင် လိုအပ်သလို ကူညီရန်အသင့်ရှိဟု အသိပေး

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြေပြင်အငြင်းပွားမှုအချို့ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး စိုးရိမ်ပူပန်မှုများဖြစ်ပေါ် နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA)နှစ်ဖက်အဖွဲ့ ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်းပါက ပြဿနာအများစုပြေလည်လိမ့်မည်ဟု နားလည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(မတ်လ ၁၄ရက်) မေတ္တာရပ်ခံ ထုတ်ပြန်သည်။

ယခုနှစ်ဆန်းပိုင်း၌ ရှမ်းမြောက် ကွတ်ခိုင်၊ မန်တုံအပါအဝင်ဒေသအချို့၌ KIAနှင့် TNLA အကြား နယ်မြေဆိုင်ရာ နှင့်ပတ်သက်ပြီး ပြဿနာများ၊ ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည့် အခြေအနေများ ထပ်မံကြီးထွားလာစေရေး NUGက မတ်လ ၁၄ရက်တွင် သဘောထားထုတ်ပြန်ချက်နှင့် မေတ္တာရပ်ခံပန်ကြားချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မိမိတို့တော်လှန်ရေး အဖွဲ့အစည်းအားလုံးသည် ပြည်သူလူထု၏ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေကြသူများပီပီ ပြည်သူများ၏ စိုးရိမ်သောကများ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးရန်လည်း အထူးတာဝန်ရှိသည့် အလျောက် နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက မိတ်ဖက်ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်းနှင့် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဆိုသည့် သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြား သိရသည့်အတွက် အထူးကြိုဆိုပါသည်”ဟု ဖော်ပြသည်။

နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာတွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်း ပန်ကြားချက်၌ ပါရှိသည်။

အဖက်ဖက်ကအင်အားချိနဲ့ အရေးနိမ့်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီအဖို့ တော်လှန်ရေး အင်အားစုများအကြား သပ်လျှိုသွေးခွဲရေးသည် ၎င်းတို့၏ အဓိကဗျူဟာ ဖြစ်လာသည်ဆိုသည့် အချက်ကိုလည်း အားလုံးသတိပြုပြီးဖြစ်သည်ဟု ဆိုသည်။

” လတ်တလော ပေါ်ပေါက်သော အောက်ခြေ ပွတ်တိုက်မှုများမှသည် လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။ နှစ်ဖက်မျက် နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည်ဟုလည်း နားလည်ပါသည်။”ဟု NUG၏ မေတ္တာရပ်ခံ ပန်ကြားချက်၌ ဖော်ပြသည်။

တိုင်းရင်းသားလူမျိုးစုများအားလုံးသည် လူ့သမိုင်းတလျှောက် တမြေတည်းနေ တရေတည်းသောက်လျက် အတူယှဉ်တွဲနေထိုင်ခဲ့သူများ ဖြစ်ရုံမက၊ တော်လှန်ရေးအဆက်ဆက် လူမျိုးစု တခုနှင့်တခု ကူညီရိုင်းပင်းလျက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး အလို့ငှာ ဘုံရန်သူကို လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူများလည်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မဟာမိတ်စာချုပ်ချုပ်ဆိုခြင်းကဲ့သို့သော မြင့်မားသည့် နိုင်ငံရေးယဉ်ကျေးမှုနှင့် အစဉ်လာကောင်းများလည်းရှိပြီးဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

၁၉၇၆ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့တို့သည် ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြမှုကိုလည်း ဖော်ပြ သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လူထုနွေဦးတော်လှန်ရေးကာလတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများသည် ထားရှိခဲ့သည့် ထာဝရမဟာမိတ်စာချုပ်ကို ဆက်လက် အသိအမှတ်ပြုကြောင်း KIO/KIAနှင့် PSLF/TNLAတို့က ၂၀၂၃မေလ ၂၈ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည် ။

စာချုပ်ပါ အရေးအကြီးဆုံး မှတ်သားအပ်သည့်အချက်မှာ “အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတတ်သည့် မည်သည့် ပဋိပက္ခမျိုးကို မဆို မိတ်ဖက်ပဋိပက္ခ ဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းသွားမည်”ဆိုသည့် အချက်ဖြစ်သည်ဟုလည်း KIAနှင့် TNLA တို့ကို စာချုပ်ပါအတိုင်း ညှိနှိုင်းဆွေးနွေးဖြေရှင်းနိုင်ရေး ထပ်လောင်း သတိပေး နှိုးဆော်ထားသည်။

၂၀၂၅ ဖေဖော်ဝါရီ ၃ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ချင်းညီနောင်အဖွဲ့တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် “တော်လှန်ရေးအင်အားစုများ အချင်းအချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်သွားကြမည်” ဟု ဖော်ပြပါရှိလေရာ ယင်းမှာ KIO/KIA နှင့် PSLF/TNLA တို့၏ ကာလရှည်ကြာ တည်တံ့နေသည့် ထာဝရမဟာမိတ်စာချုပ်ပါ သဘောတူညီချက်နှင့်လည်း ထပ်တူကျ ကိုက်ညီနေသည့်အပြင် အကောင်းဆုံးသော သဘောထားရပ်တည်ချက် လည်းဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးခေတ်တွင် စစ်အာဏာရှင် အား ဘုံရန်သူအဖြစ်လည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအား ဘုံရည်မှန်းချက်အဖြစ်လည်းကောင်း တော်လှန် ရေးအင်အားစုများအကြား ထပ်တူထပ်မျှ မှတ်ယူကြပြီး ဖြစ်သည်ဟု အသိပေးသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ ကြိုးပမ်းမှုများကြောင့် ယနေ့ဆိုလျှင် ဒေသအလိုက် စစ်ကောင်စီ ကင်းစင်နယ်မြေများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သကဲ့သို့ စစ်အာဏာရှင်ကျဆုံး၍ တနိုင်ငံလုံးလွတ်မြောက်ရန် လက်တကမ်းသာလိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီး ယင်းအခြေအနေတွင် ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုကို နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုရက်ပိုင်းအတွင်းတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ဗဟိုအဆင့် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ဖော်ပြလာခြင်း၊ ပြည်သူလူထု၏ သဘောဆန္ဒကို ရယူမည်ဟု ဖော်ပြလာခြင်းများသည် အပြုသဘောဆောင်ပြီး ပြည်သူကိုမျက်နှာမူလျက် အရေးကိစ္စများကို ဖြေရှင်းကြမည့် ပြယုဂ် များဖြစ်ကြလေရာ ကြိုဆိုကြောင်းလည်း ဖော်ပြသည်။

NUG၏ ပန်ကြားချက်နှင့်ပတ်သတ်၍ သဘောထားမေးမြန်းရန် KIA နှင့် TNLA တာဝန်ရှိသူများထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ် မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား နမ့်ဖက်ကာဒေသအပါအဝင် ရှမ်းမြောက်နေရာဒေသအချို့၌ နယ်မြေဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ပြဿနာပိုမိုမကြီးလာစေရေး ဆွေးနွေးညှိနှိုင်းရန် ရှမ်းမြောက်ဒေသရှိအဖွဲ့ တာဝန်ရှိသူများအား ပြောဆိုထားကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

နမ့်ဖက်ကာဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်​နေသည်။

သတင်း

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၂၀၂၄ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ် နဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေလက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၄၀ ကျော် ရှိတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဇန်နဝါရီ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း MNDAAက ကြေညာသည်။

Facebook