ရေစကြိုမြို့နယ်တွင်လည်း ဝင်ရောက်မီးရှို့နေဟုဆို
ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ပန်းညိုကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ပန်းညိုကျေးရွာအား ရေကြောင်းနှင့် ကုန်ကြောင်းမှ လာရောက်ပြီး မတ်လ ၁၂ရက် ညပိုင်းကစ၍ မီးရှို့ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement
“ဒီနေ့(မတ်လ ၁၄ ရက်)မနက်မှာပဲ စစ်ကြောင်းဟာ မြောင်နယ် ပန်းညိုရွာမှ ရေစကြိုနယ် မြေတော်ရွာကိုရောက်သွားကြပါတယ်။ပန်းညိုရွာကိုတော့ စစ်ဘေးရှောင်များ အများစုနေပြီး ကြားကလပညာရေးအတွက် ပညာသင်ပေးနေသော စာသင်ကျောင်း အဓိကထားမီးရှို့သွားတာကိုတွေ့ရပါတယ်။ စုစုပေါင်း ပြည်သူနေအိမ် ၅၀ကျော်ခန့်လည်းမီးလောင်ဆုံးခဲ့ပါတယ်”ဟု CDSOM တာဝန်ခံ ကိုနွေဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေစကြိုမြို့နယ် မြေတော်ရွာသို့ ဝင်ရောက် သည်နှင့်တပြိုင်တည်း နေအိမ်များကို မီးဆက်ရှို့နေကြောင်းလည်း ၎င်းက အသိပေးသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိ ပန်းညိုရွာကို အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၂၀၂၂နှင့် ၂၀၂၃တွင် နှစ်ကြိမ်မီးရှို့ခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ရသည်။
ရေစကြိုနှင့် မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်တွင် အင်အား ၂၀၀ ကျော်ပါရှိပြီး ဒေသခံကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုများရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ရေစကြိုမြို့နယ်ဘက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မြောင်မြို့နယ် သုခဒီပရွာအနီး ကြားဖြတ် တိုက်ရာ စစ်ကောင်စီတပ်သားအလောင်း ငါးလောင်းနှင့် အရှင်ခြောက်ဦး ဖမ်းမိပြီး လက်နက်လေးလက်ရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်ကြောင်းကြောင့် ရေစကြိုနယ်မြို့နယ်မှ မြေစွန်း၊ဆင်ခြေယာ၊မာလကာခြံ၊ရွှေလှန်၊ရွာသစ်ရွာ၊သာခေါင်ကြီး၊ဇရပ်နီ၊သာခေါင်လေး နှင့် ဖြုံဘူးရွာနှင့် မြေတော်ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးနေရသည်။
ထို့အပြင် မြောင်မြို့နယ်မှ နနွင်းကိုင်း၊ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ မြစ်ဆုံ၊ငါးရံ့အိုး ၊မင်းလှ နှင့် ပန်းညိရွာတို့မှ ဒေသခံပြည်သူ ၂၀,၀၀၀ထက်မနည်း စစ်ရှောင်နေရကြောင်း သိရသည်။
