စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်း၏ ဇာတိပန်းတနော်မြို့တွင်စစ်ကောင်စီအတွက်စစ်သားစုဆောင်းရေး အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံများအား ဖိအားပေးနေသောကြောင့်မြို့ခံလူငယ်များထွက်ပြေးတိမ်းရှောင်နေကြရသည်။
“ဒီရက်ထဲမန်းငြိမ်းမောင် ခဏခဏလာတယ်။ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ပြပြီးဌာနဆိုင်ရာတွေ၊ဒေသခံတောင်သူလယ်သမားတွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေ့တယ်။တွေ့တိုင်းမှာ စစ်ကောင်စီအတွက်လူငယ်တွေစစ်မှုထမ်းဖို့ ပြောတယ်။ သူပြောတာကို စစ်တပ်အရာရှိက ထောက်ခံပြပြီးတော့ လူငယ် တွေစစ်ထဲဝင်ကြဖို့ ဖိအားပေးတယ်။ဖမ်းဆီးတာတွေ၊ စစ်မှုထမ်းစာရင်းတောင်းတာတွေပိုလုပ်လာတယ်” ဟု ပန်းတနော်မြို့ခံတစ်ဦးကပြောသည်။
မန်းငြိမ်းမောင်သည်ဧရာဝတီတိုင်း၊ပန်းတနော်မြို့ခံဇာတိဖြစ်ပြီး၂၀၂၀ ရွေးကောက်ပွဲ၌ တသီးပုဂ္ဂလလဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။ သို့သော်စစ်တပ်ကအာဏာသိမ်းပြီးနောက်၎င်းအား စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ပါဝင်သည့်စစ်ကောင်စီအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁၆ဦးတွင် မန်းငြိမ်းမောင်ပါဝင်နေသည်။

Public Service Announcement
ယခုအခါ စစ်သားအရေအတွက်လိုအပ်နေသည့် စစ်ကောင်စီအတွက် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူငယ်များအား စစ်ထဲဝင်ရန် ၎င်းကစည်းရုံးနေခြင်းဖြစ်သည်။ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဦးဆောင်သည့် အဖွဲ့နှင့်အတူ မန်းငြိမ်းမောင်သည်ပန်းတနော်မြို့နယ်သို့မကြာခဏလာရောက်ပြီး ဒေသခံလူငယ်များ စစ်မှုထမ်းရေးအားပေးကြရန်စည်းရုံးမှုများပြုလုပ်နေသည်။
“မန်းငြိမ်းမောင်တို့ပြောသွားပြီဆိုရင်နိုင်ဝင်း(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)တို့ကဆက်တိုက်အကောင်အထည်ဖော်တာ။ လူငယ်တော်တော်များများမနေရဲကြတော့ဘူး။ မြို့ပေါ်မှာနေရင်တောင် ကိုယ့်အိမ်ကိုမအိပ်ရဲတော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက “ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ဖြစ်တဲ့ ဦးသန့်ရဲ့ဇာတိမြို့ကြီးလည်း မန်းငြိမ်းမောင်အန္တရာယ်ကို ကြောက်နေရပြီ”ဟု ပြောသည်။
ပန်းတနော်မြို့သား ဦးသန့်သည်ကမ္ဘာ့ကုသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
လက်ရှိကာလတွင် ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဥပဒေနှင့် စစ်သားဆုတောင်းနေသည့် စစ်ကောင်စီက လူငယ်များအား ဖမ်းဆီးနေသလို ငွေကြေးချမ်းသာသူများ၏သားသမီးများအား
ငွေသိန်းရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးထားပြီး ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးမှုများရှိနေသည်။
ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ပန်းတနော်၊ ကျုံပျော်၊ အိမ်မဲမြို့ကဲ့သို့ လူဦးရေများပြီးစည်ကားသော မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များမှ ငွေကြေးချမ်းသာသူများ၏သားသမီးများအား စစ်မှုထမ်းအကျုံးဝင်သည်ဆိုကာ စာရင်းလာပေးကြောင်း၊ ထို့နောက် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀အနည်းဆုံးယူ၍ ဆေးစာလုပ်ပေးခြင်း၊ ဆိုင်းငံ့ကာလသတ်မှတ်ပေးခြင်းတို့ပြုလုပ်နေကြောင်း မြို့ခံများကပြောသည်။
ဧရာဝတီတိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင်ည၈နာရီခန့်မှစ၍ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များက ကား၊ဆိုင်ကယ်များဖြင့် ကင်းလှည့်ပြီး လူငယ်များအား ဖမ်းဆီးမှုများရှိနေသည်။မြို့ပေါ်ရပ်ကွက်များတွင် ညဘက်လိုက်ဖမ်းနေပြီး အဆိုပါလုပ်ရပ်သည် စစ်ကောင်စီ၏ သီးသန့်အစီအစဉ်ဖြစ်ပြီး ၎င်းတို့အနေဖြင့် သိရှိမထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကပြောသည်။
ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသများဖြစ်သော ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်မြို့နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍တိုက်ပွဲများဖြစ်ခဲ့သည်။ စစ်ကောင်စီက စစ်မှုထမ်း ဥပဒေဖြင့်ခေါ်ဆောင်ထားသော စစ်သင်တန်းဆင်းများကို ရှေ့တန်းသို့ပို့ဆောင်နေသည်။ စစ်သင်တန်းဆင်းများအနေဖြင့် တိုက်ပွဲများအတွင်း အလွယ်တကူလက်နက်မချရရန် စစ်ကောင်စီဒုတိယခေါင်းဆောင်ကိုယ်တိုင် ပုသိမ်မြို့သို့ လာရောက်စည်းရုံးဖူးသည်။
