ကဖေး/People’s Spring
စစ်ရေးပိုမိုတင်းမာလာပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင် စစ်ကြောင်းလှုပ်ရှားမှုများလာသည့် ပြည်ခရိုင် အတွင်း၌ ဒေသခံများအနေဖြင့် ဗုံးခိုကျင်းတူးထားကြရန်အပါအဝင် အချက် ၈ချက်ပါ သတိပေးချက်ကို ပြည်ခရိုင်တပ်ရင်း(၃၆၀၂)က ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း၊ စစ်ရေးပစ်မှတ်များ အနီးတွင် သွားလာနေထိုင်ခြင်းများအား (အထူး) ရှောင်ကျဉ်ကြရန်၊ တော်လှန်ရေးသတင်းအချက် အလက်များ၊ စစ်ရေးလှုပ်ရှားမှု များအား စစ်ကောင်စီထံသို့ပေးပို့ခြင်း၊ စစ်ကောင်စီအား ရိက္ခာထောက်ပံ့ခြင်းများ မပြုလုပ်ကြရန်၊စစ်ကောင်စီ ထောက်တိုင်များ၊ ဒလန်(သတင်းပေး)များနှင့် ပူးပေါင်း၍ စစ်ကောင်စီအားဆက်ကြေးပေး လောင်းကစားဝိုင်းများ ပြုလုပ်နေမှုအား ရှောင်ကျဉ်ရန် သတိပေးထားသည်။
စစ်ကောင်စီသည် အရပ်သားများအား လူသားဒိုင်းပြုလုပ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေ၍ လုံခြုံရေးသတိ အမြဲရှိနေစေရန်၊အရေးပေါ်အခြေအနေအတွက် ရိက္ခာ၊ ဆေးဝါး၊ အရေးကြီးပစ္စည်းများအား အလွယ်တကူ တပါတည်းသယ်ဆောင်သွားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်၊အနီး ပတ်ဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာပါက ရှောင်ရှားနိုင်ရန် ဘေးကင်း၊လုံခြုံသောနေရာအား ကြိုတင်ရှာဖွေ သတ်မှတ်ထားကြရန်၊ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲခြင်း၊ စက်တပ်လေထီးများဖြင့် ဗုံးကြဲချခြင်းများမှရှောင်ရှားနိုင်ရန်််််််် ဗုံးခို ကျင်းများတူးထားကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့များ၏ထုတ်ပြန်ချက်များအား ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့များထံချိတ်ဆက်၍ အမြန်ဆုံးပူးပေါင်းကြရန် ထုတ်ပြန်ထားသည်။

Public Service Announcement
ယခုအချိန်သည် စစ်အာဏာရှင်စနစ် (လုံးဝ) ပပျောက်ပြီး ဖယ်ဒရယ်နိုင်ငံတော်တည်ဆောက် ရေးအတွက် စစ်ရေးအရအလွန်အရေးကြီးသော အချိန်ဖြစ်သည်ဟု အသိပေးထားသည်။
ပြည်ခရိုင်အတွင်း၌ ပြည်၊ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ်တို့ တည်ရှိသည်။
လက်ရှိတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ ပန်းတောင်းနှင့်ဥသျှစ်ပင်မြို့မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်နေသည်။
ဖေဖော်ဝါရီ ၁၈ရက်က ပေါက်ခေါင်းမြို့သို့ ရိက္ခာတင်ပို့သော စစ်ကောင်စီထောက်ပို့ ယာဉ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ပေါက်ခေါင်းမြို့တွင်လည်း စစ်ရေးဆက်လက်တင်းမာနေသည်။
ပေါက်ခေါင်းမြို့နယ် အိုင်စောက်ကျေးရွာတွင် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရှိ ကြို့ပင်ဝိုင်းနှင့် ဘောဓိကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် နေသည်။
ယမန်နေ့ကလည်း ပေါက်ခေါင်းမြို့ ရွှေကူကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရထားပြီး ဆေးကုသခွင့်မပေးသလို ဒေသခံများ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။
တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်၍ မြေလှန်စနစ်ကျင့်သုံးသည့် စစ်ကောင်စီ၏အကြမ်းဖက်မှုများ ပြည်ခရိုင်အတွင်း ရောက်လာပြီဖြစ်၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ဖေဖော်ဝါရီ ၂၀ရက်တွင် သတိပေးထားသည်။
