ထိုင်း-မြန်မာ နယ်စပ်ဂိတ် တစ်ခုကို နေရာရွှေ့ပြီး ဖွင့်လှစ်ထားရှိသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
အနောက်ပိုင်း ကန်ချနာဘူရီ ပြည်နယ်ထဲမှာ မြန်မာနဲ့ ကုန်သွယ်တဲ့ နယ်စပ်ဂိတ်ကို ဘုရားသုံးဆူအစား အမြဲတမ်း စစ်ဆေးရေးဂိတ် တည်ရှိတဲ့ ဘန်ပူနမ်ရွန်ဆီ ရွှေ့ပြောင်းသွားမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး အသီဆန် အင်ထရာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကန်ချနာဘူရီ ပြည်နယ်ထဲက ထိုင်းမြန်မာနယ်စပ်ဂိတ်ရှိတဲ့ ဘန်ပူနမ်ရွန်ဆီ ဟာ မြန်မာနိုင်ငံဘက်မှာဆိုရင် တနသာ်ရီတိုင်း ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ဆက်စပ်နေတာဖြစ်ပါတယ် ။

Public Service Announcement
သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ အရာရှိတွေ ညှိနှိုင်း ဆွေးနွေးပြီးတဲ့နောက် အမျိုးသား လုံခြုံရေး အကြောင်းပြချက်အရ အခုသီတင်းပတ်မှာ အဲဒီ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ သူက ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် သတ်မှတ် နေရာအသစ်ဟာ ကနဦး အဆင့်မှာ နယ်စပ်ဖြတ်ကျော် ကူးသန်းနေတဲ့ ကုန်သည်တွေ အတွက်ပဲ ဖွင့်လှစ်ပေးမှာဖြစ်ပြီး ကုန်စည်တွေ သယ်ယူမှုကိုတော့ မြန်မာဖက်က လမ်းတည်ဆောက်မှုတွေ ပြီးစီးတဲ့ထိ ရွှေ့ဆိုင်းထားမယ်လို့လည်း အသီဆန်က ပြောပါတယ်။
ထိုင်းစစ်တပ်ရဲ့ ဒေသဆိုင်ရာ ကွပ်ကဲရေး အရာရှိဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အမ်မာရစ် ဘွန်ဆူယာက ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေချ လှုပ်ရှားနေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါ
အဝင် ဒုစရိုက် အင်အားစုတွေကို ထိထိရောက်ရောက် ထိုးနှက်ဖို့ဆိုရင် ဘုရားသုံးဆူ ဂိတ်ကနေ အလုပ်သမားတွေနဲ့ မူးယစ်ဆေးတွေ မှောင်ခို ဖြတ်သန်းမှုတွေကို တားဆီး လျှော့ချဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။
အသီဆန်နဲ့ အမ်မာရစ်တို့ နှစ်ဦးဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းက ဘန်ပူနမ်ရွန် အမြဲတမ်း စစ်
ဆေးရေးဂိတ်ကို ကွင်းဆင်း စစ်ဆေးခဲ့သလို ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။
ထိုင်းအစိုးရဟာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းရေး အစီအမံ တစ်ရပ်အနေနဲ့ ဘုရားသုံးဆူ အပါအဝင် မြန်မာဖက်ခြမ်း နယ်စပ် ဧရိယာ တချို့ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုတွေလည်း ဖြတ်တောက်ထားပြီး ဖြစ်ပါတယ်။
ကိုးကား: Thai PBS
( ထိုင်း-မြန်မာ နယ်စပ်ရှိ ဘန်ပူနမ်ရွန်ဆီနယ်စပ်ဂိတ် နှင့် ဘန်ပူနမ်ရွန်ဆီ-ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွေကို Google Earth မှာတွေ့ရစဥ်။
ဓါတ်ပုံ-Bangkok Post )
