People’s Spring
ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တစ်ခုမှာညှင်းပန်းနှိပ်စက်ခိုင်းစေခံရတဲ့ ကင်ညာနိုင်ငံသား တစ်ဦးဟာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးပြီး ထိုင်းအာဏာပိုင်တွေဆီ အကူအညီတောင်းခံခဲ့ကြောင်းထိုင်းမီဒီယာတွေကဖော်ပြပါတယ်။
အသက် ၃၀ အရွယ် အမျိုးသားဟာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ဖော့ဖရားကို ရောက်လာပြီး ဒေသခံ ဆိုင်ရှင် တစ်ဦးကို ရဲတွေဆီ ပို့ပေးဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေခဲ့တယ်လို့ ဘန်ကောက်ပိုစ်သတင်းစာကဆိုပါတယ်။
ရဲတွေနဲ့ တွေ့တဲ့ အခါမှာတော့သူကတရုတ် နိုင်ငံသားတွေ ပိုင်ဆိုင်ပြီး ဖုန်းဆက် ငွေလိမ်တဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုမှာအလုပ်လုပ်ခဲ့ရကြောင်း၊ အလုပ်မလုပ်တဲ့ အခါမျိုးကျရင် ပြင်းပြင်းထန်ထန် နှိပ်စက် ခံရကြောင်း ထွက်ဆိုခဲ့ပါတယ်။

Public Service Announcement
ရဲတပ်ဖွဲ့ကနာမည် ဖော်မပြတဲ့ အမျိုးသားက သူဟာ မြဝတီမြို့နယ်ထဲကကျားဖြန့်ဂိုဏ်းတွေ လှုပ်ရှားရာ မြို့တစ်မြို့ကနေ ထွက်ပြေးလာတယ်လို့ပြောပါတယ် ။တောင်တစ်လုံးကို ၅ နာရီလောက် အချိန်ယူ ဖြတ်သန်းပြီး နယ်စပ်ရောက်အောင် ၁၀ ကီလိုမီတာလောက် လမ်းလျှောက်လာခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။
သူက ထိုင်းမှာ လစာကောင်းကောင်း နဲ့ စားဖိုမှူး အလုပ်ရမယ်ဆိုတဲ့ ပြည်တွင်းအလုပ်ခေါ်စာတစ်စောင်ကို ယုံစားရာက အောက်တိုဘာ ၅ ရက်နေ့မှာ ထိုင်းကို ရောက်ခဲ့ကြောင်း ပြောပါတယ်။ ပြီးတော့ သူနဲ့အတူ တခြားကင်ညာ နိုင်ငံသား ၂ ဦးကို အေးဂျင့်တစ်ယောက်က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ လာစောင့်နေခဲ့ပြီး မဲဆောက်ကို ခေါ်သွားခဲ့သလိုအဲဒီကနေတဆင့်နယ်စပ်ဖြတ်ပြီး မြန်မာဖက်ကို ဝင်ရောက်ခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။
အဲဒီအချိန်ကစပြီး သူတို့ ၃ ယောက်လုံးဟာ ကျားဖြန့်ဂိုဏ်းအတွက် အလုပ်လုပ်ပေးဖို့ အဓမ္မ ခိုင်းစေခံခဲ့ရပြီး ငြင်းဆန်မိရင်ကျင်စက်နဲ့ တို့တာ၊ နံပါတ်တုတ်နဲ့ ရိုက်တာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ရဲ့ ဒဏ်ရာတွေကို ဖယောင်းရည်ပူနဲ့ လောင်းချတာမျိုးလည်း ခံခဲ့ရပါတယ်။
သူဟာ နယ်စပ်ထိ ခြေဗလာနဲ့ ထွက်ပြေးလာတာကြောင့်ခြေထောက်တွေရောင်ကိုင်းနေခဲ့တယ်လို့လည်း ထိုင်းရဲတွေက ဆိုပါတယ်။
အဲဒီအမျိုးသားရဲ့ထွက်ဆိုချက်အရသူအလုပ်လုပ်တဲ့ ကျားဖြန့် အလုပ်ရုံထဲမှာ လူ ၁၀၀၀ ဝန်းကျင်လောက် ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ပါကစ္စတန် နဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ သူ့ကိုတော့ တရုတ်နိုင်ငံသားတွေက ထိန်းချုပ်ထားရာ နေရာတစ်ခုမှာ တခြား ကင်ညာနိုင်ငံသား ၂၂ ဦးနဲ့အတူ ထိန်းသိမ်းထားခဲ့ကြောင်းလည်း လွတ်မြောက်လာသူက ပြောပြခဲ့ပါတယ်။
ကိုးကား: Bangkok Post
