ရဲခေါင်/ People’s Spring
ကရင်နီပြည်တွင် မြန်မာ-ထိုင်းနယ်စပ် ၌စစ်တပ်၏နောက်ဆုံးလက်ကျန်စခန်းကုန်း(ပွိုင့် ၅၄၁၆)ကို ကရင်နီပြည်တပ်မတော် – KA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း KA ၊တပ်ရင်း ၅ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
စစ်ကောင်စီ၏ နှစ် ၃၀ ကြာတပ်စွဲထားသော ကရင်နီ – ထိုင်း နယ်စပ်ရှိ ပွိုင့် ၅၄၁၆ (စစ်ဆင် ရေးခြေကုပ်စခန်း ) တောင်ကတုံးစခန်းကို ဖေဖော်ဝါရီ ၁၃ ရက် က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“လက်နက်ခဲယမ်းအများအပြားရတယ်။ဒီစခန်းက ကရင်နီနယ်စပ်စခန်းဖြစ်တယ်။အဲဒီစခန်းတစ်ခုပဲကျန်တယ်။အခုက တက်သိမ်းလိုက်နိုင်ပြီ။အဲဒီနားတစ်ဝိုက် လုံးက စစ်ကောင်စီ ရှင်းလင်းသွားပြီလို့ ပြောလို့ရတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
တောင်ကတုံးစခန်းတွင် စစ်ကောင်စီတပ်အင်အား ၄၀ ခန့်ရှိကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုရှိသော်လည်း အသေးစိပ်မသိရသေးပေ။
ထိုစခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်သားများသည် ရှမ်းပြည်နယ်ရှိ စစ်ကောင်စီ၏ လွိုင်ဆမ်မုန်းတပ်စခန်းသို့ ဆုတ်ခွာသွားကြောင်းလည်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကလည်း ကရင်နီ ပြည်နယ် နှင့် ထိုင်း နယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လယု မဆုတ်တမ်း ခံစစ်စခန်းကို ကရင်နီတပ်မတော် KA က သိမ်းပိုက်ခဲ့သည်။
ထိုင်း-ကရင်နီပြည်နယ် နယ်စပ်တစ်လျှောက်တွင် နယ်စပ် အမှတ်စဥ် ၉ မှ ၁၆ ခုထိရှိပြီး ယခုစစ်ရေး အချက်အလက်များအရ ကရင်နီတပ်မတော်နှင့် ပူးပေါင်းတပ်များက အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလည်း ဖြစ်သည်။
မယ်လယု မဆုတ်တမ်းခံစစ်စခန်းမှ အာပီဂျီဗုံးသီး ၆၀ ၈၁ မမ အလုံး ၃၀၊ ၆၀ မမ အလုံး ၂၀၀ ကျော်၊ကျည်ဆံ ၁၅,၀၀၀ ထက်မနည်း အပါအဝင် လက်ပစ်ဗုံးများ ၊နင်းမိုင်းများ နှင့် မော်တော်ယာဥ်များပါသိမ်းဆည်းရရှိခဲ့သည်။
သို့သော် တောင်ကတုံးနယ်စပ်စစ်ကောင်စီစခန်းမှ ရရှိသည့် လက်နက်ခဲယမ်းနှင့် စစ်ရေးအခြေအနေကိုမူကရင်နီတပ်မတော်ဘက်ကအသေးစိတ် ထုတ်ပြန် ခြင်းမရှိသေးပေ။
လက်ရှိတွင် ကရင်နီပြည်နယ်သို့ ဝင်ပေါက်ဖြစ်သည့် မိုးဗြဲ မြို့ကိုပြန်ရရှိရန် စစ်ကောင်စီ၏ ထိုး စစ်မှာ နှစ်လကျော် ကရင်နီတပ်ပေါင်းစုက ခုခံနေဆဲပင်ဖြစ်သည်။
