တစ်သုတ်လျှင် လူဦးရေး ၅၀၀ ပြန်ပို့ရန် စီစဉ်ထားဟု BGF ဆို
ဒီးဒီ/People’s Spring
ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ်(BGF)က ဝင်ရောက် စစ်ဆေးရှင်းလင်းမှုများ စတင်နေပြီဖြစ်ကြောင်း BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၆နာရီက စတင်နေခြင်းဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။

Public Service Announcement
” လူကုန်ကူးခံရတဲ့သူတွေနဲ့ နေရပ်ပြန်ချင်တဲ့သူတွေကို ပထမဆုံးအနေနဲ့ ပြန်ပို့မယ်။ လိမ်လည်တဲ့သူတွေကို ဖယ်ရှားမယ်။ နောက်ဆုံးအနေနဲ့က စပ်ဆက်ပစ္စည်းတွေကို ဖျက်ဆီးပြစ်မယ်”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၂ရက်က BGF ထိပ်ပိုင်းခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ခေါ်ယူအပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီး နှစ်ရက်အကြာတွင် စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ အစိုးရဖြင့်ချိတ်ဆက်ပြီး တစ်သုတ်လျှင် လူဦးရေ ၅၀၀ ပြန်ပို့ပေးရန် စီစဉ်ထားသည်ဟု BGFက ဆိုသည်။
ထို့အပြင် မြဝတီဒေသ၌ လူကုန်ကူးခံရသည့် အင်ဒိုနီးရှားနိုင်ငံသား ၆၉ဦးအား ရှာဖွေကယ်ဆယ်ပြီးနောက် ယနေ့ ညနေပိုင်းတွင် နေရပ်ပြန်ပို့ပေးမည်ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။
ပထမအသုတ်အနေဖြင့် ဖေဖော်ဝါရီ ၆ရက်က တရုတ်နိုင်ငံသားများအပါအဝင် ၆၁ဦးအား မဲဆောက် – မြဝတီ ချစ်ကြည်ရေးအမှတ်(၂)တံတားမှ နေရပ်ပြန်ပို့ပေးခဲ့သည်။
ကရင်ပြည်နယ်၊ နယ်စပ်ဒေသများရှိ စီမံကိန်း၌ လူကုန်ကူးခံရသူ ၂,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ထားပြီး ဆောင်ရွက်ခဲ့သော စီမံကိန်းများအား ပါဝင်ရင်းနှီးမြှပ်နှံထားခြင်း မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီ ၆ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။
၂၀၂၃မှ လက်ရှိအချိန်အထိ လူကုန်ကူးခံရသူ စုစုပေါင်း ၂,၀၀၀ကျော်ကိုလည်း သက်ဆိုင်ရာနိုင်ငံအလိုက်ဆက်သွယ်ကာ နေရပ်ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။
ထိုင်း – မြန်မာနယ်စပ်ရှိကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် နှင့် ကျားဖြန့်လုပ်ငန်းများတွင် ထိုင်းပါဝင်မှု မရှိကြောင်း ပြသရန် ထိုင်းအစိုးရက မြန်မာပြည်ဘက်ခြမ်းရှိ နေရာ ၅ ခုသို့ လျှပ်စစ်မီး ပေးပို့မှုများကို ဖေဖော်ဝါရီ ၅ရက် နံနက်က စတင်ဖြတ်တောက်ခဲ့သည်။
