ရဲခေါင်/People’s Spring
ထိုင်း – မြန်မာနယ်စပ် ကရင်နီပြည်နယ်ရှိ စစ်ကောင်စီ၏ မယ်လယု မဆုတ်တမ်းခံစစ်တပ်စခန်းကို ကရင်နီတပ်မတော်(KA)က သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသတွင်းစစ် ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ရှားတောမြို့နယ် မယ်လယုတပ်စခန်းကို ဒီဇင်ဘာ ၂၈ ရက်က ကရင်နီတပ်မတော်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဟု ဆိုသည်။

“မယ်လယုက ထိုင်း – မြန်မာနယ်စပ်အမှတ် BP 9 ဒေသမှာရှိတယ်။ပြီးတော့ ကရင်နီပြည်နယ်နဲ့ ထိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ စကစ ရဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေ အားလုံးနီးပါးကို KAက ရပြီးလို့ ပြောလို့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ထိုင်း – ကရင်နီပြည်နယ် နယ်စပ်တစ်လျှောက်တွင် နယ်စပ်အမှတ်စဥ် (၉)မှ (၁၆)ခု ထိရှိကြောင်း ၎င်းက ဆိုသည်။
ကရင်နီတပ်မတော်က သိမ်းပိုက်ခဲ့သည့် မယ်လယုစခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၈၀ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ၎င်းတို့မှာ ရှမ်းပြည်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ခြင်းဟု သိရသည်။
မယ်လယုမဆုတ်တမ်းခံစစ်စခန်းမှ အာပီဂျီဗုံးသီး ၆၀ ၈၁ မမ အလုံး ၃၀၊ ၆၀ မမ အလုံး ၂၀၀ ကျော်၊ကျည်ဆံ ၁၅,၀၀၀ ထက်မနည်း အပါအဝင် လက်ပစ်ဗုံးများ ၊နင်းမိုင်းများ နှင့် မော်တော်ယာဥ်များပါသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကရင်နီပြည်နယ်သို့ ဝင်ပေါက်ဖြစ်သည့် မိုးဗြဲမြို့ကိုပြန်ရရန် စစ်ကောင်စီ၏ ထိုးစစ်မှာ တစ်လခွဲကျော်ကြာရှိနေပြီး ကရင်နီတပ်ပေါင်းစုက ခုခံနေဆဲဖြစ်သည်။
တစ်ဖက်တွင်လည်း လွိုင်ကော်မြို့ပတ်လည်ရှိ စစ်ကောင်စီ၏ ဝပ်ကင်း၊ကာကင်းများကို ကရင်နီတပ်ပေါင်းစုက တန်ပြန် တိုက်ခိုက်သိမ်းပိုက်မှုများရှိနေသည်။
