ကဖေး/People’s Spring
ရခိုင်ပြည်နယ်မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများအနက် သုံ့ပန်းနှင့် မိသားစုဝင် ၁၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွတ်ပေးလိုက်သည်။
ဒီဇင်ဘာ ၈ရက်တွင် အခမ်းအနား အကျဉ်းချုန်းပြုလုပ်၍ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း AAနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
စစ်သုံ့ပန်းနှင့် မိသားစုဝင် ၁၁၆ဦး၊ အရပ်သား အကျဉ်းသား ၂၆ ဦး၊ စုစုပေါင်း ၁၄၂ ဦး ပြန်လွတ်ပေးလိုက်ခြင်းဟု ပြောသည်။

Public Service Announcement
” လူငယ်တွေလည်းပါတယ်။ အမျိုးသမီးက စုစုပေါင်း ၇၀ခန့်ပါတယ်။ အသေးစိတ်ကတော့ တပ်တော်ဘက်က ထုတ်ပြန်လာလိမ့်မယ်ထင်ပါတယ်”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ စတင်သည့် ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများအတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှလွဲ၍ ကျန်မြို့များကိုသိမ်းယူထားပြီးဖြစ်သည်။
တိုက်ပွဲများအတွင်း တိုင်းအဆင့် စစ်ကောင်စီအရာရှိများလည်း ဖမ်းမိခဲ့ပြီး သေဆုံးသူများလည်းရှိခဲ့သည်။ စစ်သုံ့ပန်းအများအပြားလည်း ဖမ်းမိထားပြီး အရေအတွက်ကို ထုတ်ပြန်ထားခြင်းမရှိပေ။
ပြီးခဲ့သည်၂၀၂၄ ဒီဇင်ဘာက AA၏ ဂွမြို့သိမ်းတိုက်ပွဲတွင် တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနှင့်တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့သည်ဟု AAက ဒီဇင်ဘာ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)အား သိမ်းယူစဉ် ထွက်ပြေးသည့် ဗိုလ်မှူးကြီးအောင်နေမျိုးအား အသေဖမ်းမိခြင်းဟု AAက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလည်း AA က အရှင်ဖမ်းမိခဲ့သည်။
ထို့အပြင် ဒီဇင်ဘာ ၂၀ရက်က အမ်းမြို့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား သိမ်းယူသည့်တိုက်ပွဲ၌ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ကို အရှင်ဖမ်းဆီးခဲ့သည်။
AAသည် ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များ နှင့် ပလက်ဝ ဒေသ တိုက်ပွဲများတွင်လည်း စစ်ကောင်စီထိပ်တန်းအရာရှိများကို ဖမ်းဆီးခဲ့ဖူးသလို အချို့ သေဆုံးခဲ့သည်။ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို AAက တိုက်ခိုက်စဉ်စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းဆီးမိခဲ့သည်။
ဖေဖော်ဝါရီအတွင်းတိုက်ပွဲ၌ မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၇)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ယင်းအချိန်က တပ်မ (၁၁)တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်းအား အသေဖမ်းမိခဲ့သည်။
ပလက်ဝဒေသတိုက်ပွဲတွင်လည်း ပလက်ဝအခြေစိုက်စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်ကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။လက်ရှိတွင် AAက ထောင်နှင့်ချီသောစစ်သုံ့ပန်းများအပြင် စစ်ကောင်စီထိပ်တန်းအရာရှိများအဖြစ် ဗိုလ်မှူးချုပ်လေးဦး ဖမ်းဆီးထားသည်။
နပခအား သိမ်းယူသည့်တိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိများသည် လက်အောက်ငယ်သားများအားထား၍ ကိုယ်လွတ်ရုန်းထွက်ပြေးရန်ကြိုးစားခဲ့သည်ဟု စစ်သုံပန်းချို့က AAထံ ထုတ်ဖော်ဝန်ခံထားသည်။ AAက စစ်သုံပန်းအချို့ ပြန်လွှတ်နေသော်လည်း အရပ်သားပြည်သူများအားသတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုကျူးလွန်ထားသူများကို ဥပဒေအတိုင်းအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ခေါင်းဆောင်မပီသသည့် စစ်ကောင်စီခေါင်းဆောင်လက်အောက်၌ တာဝန်မထမ်းဆောင်ဘဲ လက်နက်ချကြရန်စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံမှတဆင့် တိုက်တွန်းထားသည်။
AAက ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများရှိရာနေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်နေသည်။
မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို
ဇန်နဝါရီ ၁၈ ရက်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်။
၂၀၂၄ စက်တင်ဘာ ၉ရက်နှင့် ၁၀ရက်ကလည်း ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့်အကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အထက်ပါတိုက်ခိုက်မှုအတွင်း စစ်သုံပန်းအများအပြားသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။
(နပခအား သိမ်းပိုက်စဉ် ဖမ်းမိသော စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်များနှင့် တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-AA Info Desk)
