close
Connect with us

Hi, what are you looking for?

သတင်း

TNLA သိမ်းထားသည့် သီပေါမြို့အဝင်မုခ်ဦး အမှတ်သရုပ်ပြောင်းလဲမှုလုပ်ရပ်အား ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ကန့်ကွက်

တော်လှန်ရေးဦးတည်ချက်များနှင့် ဆန့်ကျင် သော တအာင်းတပ်မတော် (TNLA)၏ လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင် တပ်များဖြင့် စုဖွဲ့ထားသည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ယနေ့ (ဖေဖော်ဝါရီ ၁၀ရက်) ထုတ်ပြန်သည်။

သီပေါမြို့အဝင်မုခ်ဦး အမှတ်သရုပ်ပြောင်းလဲမှုပြုလုပ်ရန် TNLAက လုပ်ဆောင်ထားမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - Shin State Voice

ဟန်နွေ/People’s Spring

တော်လှန်ရေးဦးတည်ချက်များနှင့် ဆန့်ကျင် သော တအာင်းတပ်မတော် (TNLA)၏ လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင် တပ်များဖြင့် စုဖွဲ့ထားသည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ယနေ့ (ဖေဖော်ဝါရီ ၁၀ရက်) ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ ရက်မှစ၍ TNLAသည် သီပေါမြို့အဝင်မုခ်ဦးတွင် ရေးဆွဲထုဆစ်ထားသော ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်သည့် အခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

” သီပေါက အစဉ်အလာကြီးမားတဲ့ မင်းနေပြည်တော်တခုပါ။ ပါးစပ်ရာဇဝင်မဟုတ်လို့ သနတ်မောင်းတင်ပြီး ဖျက်လိုက်ရုံနဲ့ သမိုင်းပျက် မသွားဘူးဗျ။ အခုဖျက်ချလိုက်တဲ့ ရှမ်းပြည်အလံဟာ ပလောင်လူမျိုးစော်ဘွားကြီး စဝ်ခွန်ပန်းစိန် ကိုယ်တိုင်က ရှမ်းပြည်ဥက္ကဌအနေနဲ့ လက်မှတ်ရေးထိုးပြီး တရားဝင်ထုတ်ပြန်ကြေညာထားတာပါ။ ပြီးတော့ ရှမ်းနဲ့ပလောင်ဆိုတာ နှစ်ကာလများစွာ အေးအေးချမ်းချမ်းအတူယှဉ်တွဲနေလာကြတာပါ၊ အာဏာရှင်စနစ်တိုက်ဖျက်နေရင်းနဲ့မှ အာဏာရှင်ဆန်တဲ့လုပ်ရပ်မျိုး ကျူးလွန်မိရင် အကျိုးနည်းကုန်ပါလိမ့်မယ်”ဟု SSJAC အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

Public Service Announcement

Public Service Announcement

လူထု၏ဆန္ဒကို မျက်ကွယ်ပြုခြင်းက တော်လှန်ရေးကို သစ္စာဖောက်ရာရောက်ခြင်းဖြစ်၍ အလေးအနက်ထား ဆင်ခြင်ပြုပြင်ပေးရန်လည်း ဦးစိုင်းလိတ်က တောင်းဆိုသည်။

အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့သည် လက်ရှိတော်လှန်ရေး၏ ဦးတည်ချက်များ ဖြစ်ကြောင်း၊ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်ဟုလည်း ကိုင်စွဲထား ကြကြောင်းSSJAC၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်ထောင်စု၏ အရင်းခံပြဿနာများကို စုပေါင်းဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင် နိုင်ရေးကို ဦးတည်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ယခင် ၂၀၂၃ သြဂုတ် ၇ ရက်တွင်လည်း မူဆယ် မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့၏ အထွဋ် အမြတ် အခေါင်အချုပ်ဖြစ်သော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြောင်း၊ ရှမ်းလူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းထားရှိသော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဖျက်ဆီးသည့် အချိန်တွင် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေး ရည်သန်၍ စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးဖြေရှင်းသည့်နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့ကြောင်း SSJAC၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ယခု TNLA က လုပ်ဆောင်နေသည့် သီပေါမြို့အဝင်မုခ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်အား ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်ခြင်းအပါအဝင် ယခင်နှစ်များတွင်လည်း ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ စသည့် နယ်မြေဒေသများတွင် အလားတူကိစ္စရပ်များ ပြုလုပ် ခဲ့သည့်အပြင် ရှမ်းပြည်မြောက်ပိုင်းတွင် ဒီမိုကရေစီ မဆန်သော အခြားကိစ္စရပ်များကို ပြုလုပ်နေသည်မှာ ဒေသခံပြည်သူတို့၏ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်ဟု SSJACက ထုတ်ပြန်သည်။

ထို့ပြင် အချုပ်အခြာအာဏာပိုင် ပြည်သူတို့ကို လေးစားသမှု မရှိခြင်း၊ မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရများ၊ လက်ရှိတော်လှန်ရေး ၏ ဦးတည်ချက်များနှင့် ဆန့်ကျင်ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲ နေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့် TNLA လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ယခု ကြေညာချက်နှင့်ပတ်သက်ပြီး TNLA၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

ဖေဖော်ဝါရီ ၈ရက်ကလည်း ရှမ်းကျောင်းသားလူငယ်များပါဝင်သည့် အဖွဲ့အစည်း ၅ခုပူးပေါင်းပြီး သီပေါမြို့ အဝင်မုခ်ဦး အမှတ်သရုပ် ပြောင်းလဲမှု လုပ်ဆောင်ခဲ့သည့် TNLA၏ လုပ်ရပ်နှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့ရာ မုဒ်ဦး မူလပုံစံအတိုင်းထားရှိရန် တောင်းဆိုခဲ့သည်။

ထို့ပြင် TNLAနှင့် လက်တွဲနေကြသည့် တော်လှန်ရေးအင်အားစုများ နိုင်ငံရေးအဖွဲ့အစည်းများ၊ ရှမ်းလူမျိုးစု ပါတီများ၊ ရှမ်းတပ်မတော်များ အနေဖြင့် ဒေသခံ ပြည်သူများ အကျိုး မျက်နှာမူ၍ ဝိုင်းဝင်း ညှိနှိုင်းဖြေရှင်းပေးရန် အဆိုပါ ရှမ်းအဖွဲ့အစည်း ၅ဖွဲ့က ပန်ကြားထားသည်။ ယင်းကြေညာချက်နှင့်ပတ်သက်၍လည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားပြီး အဆက်အသွယ်မရသေးပေ။

TNLAသည် သီပေါမြို့ကို၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂၀၂၄ အောက်တိုဘာလတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။သီပေါအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ၁နှစ်အတွင်း မြို့ ၁၂မြို့ကို TNLAက သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေးငယ် (၄)ဦး မိုင်းထိခဲ့ပြီး ၂ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ အချို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA) အကြား နယ်မြေဆိုင်ရာ အငြင်းပွားပြီး ပြဿနာများဖြစ်ပွားခဲ့မှုကို သက်ဆိုင်ရာဒေသရှိ မြေပြင်တပ်မှူးများတွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ခဲ့၍ လတ်တလောပြဿနာများ မရှိတော့ဟု KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံများအား အင်တာနက်နှင့် ဖုန်းလိုင်းဆက်သွယ်ရေးလိုင်းအသုံးပြုမှုကို တအာင်းတပ်မတော် (TNLA)က ပိတ်ပင်လိုက်သည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား နမ့်ဖက်ကာဒေသအပါအဝင် ရှမ်းမြောက်နေရာဒေသအချို့၌ နယ်မြေဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ပြဿနာပိုမိုမကြီးလာစေရေး ဆွေးနွေးညှိနှိုင်းရန် ရှမ်းမြောက်ဒေသရှိအဖွဲ့ တာဝန်ရှိသူများအား ပြောဆိုထားကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။