close
Connect with us

Hi, what are you looking for?

သတင်း

နမခဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Rocket Brothers -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ချင်းတွင်းရော့ကတ်ညီနောင် CRB တပ်ဖွဲ့ထုတ် ဒုံးတစ်လုံးအား နမခဝင်းအတွင်း ပစ်လွှတ်နေစဥ်။ ဓာတ်ပုံ-CRB

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Rocket Brothers -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုကို “ရမခ စစ်ရှုံးပြေး နမခရောက် အရှုံးသမား တိုင်းမှူးဝက်ဘီလူးမျိုးမင်းထွေးအား ဧည့်ခံကြိုဆို”စစ်ဆင်ရေးအဖြစ် CRB နှင့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီလ ၁၄ ရက် ည ၉ နာရီ ၄၇မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ယနေ့(ဇန်နဝါရီလ ၁၇ ရက်)တွင် အသိပေးထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံးဝင်းအတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွေး အိမ်ယာဝန်း​၊ အရာရှိကြီးနေအိမ်(၇)လုံးတန်းဝင်း၊ ငွေစာရင်းရုံးအနီး၊ စစ်ရေးပြ(ပရိတ်)ကွင်း၊ ဇေယျာသီရိခန်းမ၊ ရိက္ခာဖြန့်ဝေဌာန၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသို လှောင်ရုံ၊ ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ(105mm M2A1 Howitzer)ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ်နှင့် Nora B-52 155mm ယာဥ်တင် အမြောက် ထားရာ မော်တော်ယာဥ်ရုံနှင့် စစ်သည်နေအိမ်(၆ ခန်းတွဲ)အနီးတို့၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆောက်အအုံ ထိခိုက်ပျက်စီးမှုများအနက် အဆရ-၁၂(အဆင့်မြင့်ဆက်သွယ်ရေးတပ် ရင်း)စစ်သည်ရိပ်သာ(၁)ဆောင်ပြို၊ မဆရ-၇ (စစ်​မြေပြင်ဆေးတပ်ရင်း)စစ်သည်လူပျိုဆောင်၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင် နီယာတပ်ရင်း)စစ်သည်ရိပ်သာ (၁)ဆောင် အမိုးပွင့်၊ ထပရ-၉၂၉(ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း) ဆန်ပဲဂိုဒေါင်၊ နမခတပ်နယ်မြောက်ဘက် ၁၂၀ မမ (MK-6,MK-II)အထိုင်ကာကင်းစခန်းတို့ပါဝင်သည်ဟု အသိပေးသည်။

“(စစ်ဆင်ရေး)အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။ (ဒုံးများ)error ဖြစ်တာမျိုးက ကြုံရပါတယ်။ မထွက်တာတို့ လေပေါ်ကွဲတာတို့ ရှိတတ်ပါတယ်။ အားလုံကတော့ မကောင်းနိုင်ပါဘူး။ လက်လုပ်ဆိုတော့ ဂရုတော့စိုက်ရပါတယ်ဗျ။ အဆင်ပြေအောင်လည်း ကြိုးစားနေပါတယ်”ဟု တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး Chindwin Rocket Brothers -CRB မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများတွင် အဆရ-၁၂ မှ ဗိုလ်ကြီးကောင်းခန့်ဇော်(တိုင်းစစ်ဦးစီးချုပ် PSO)၊ တပ်ကြပ်ကြီးတစ်ဦးနှင့် အခြားဆင့်လေးဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း CRB က ထုတ်ပြန်သည်။

အလားတူ ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့ရာ အရေးပေါ်လူနာတင်ယာဥ်ဖြင့် ယင်းနေ့(ဇန်န ဝါရီ ၁၄ ရက်)ည ၁၀ နာရီ ၄၀မိနစ်တွင် တပ်နယ်အတွင်းမှ စစ်ယာဥ်တန်းလိုက်ပါ၍ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်ဟု ဖော်ပြသည်။

သို့သော် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ယခုတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင်(Chindwin Rocket Brothers -C.R.B)ဦးဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်သော Anonymous Heroes၊ ချိုမိုင်မိုင် (ကနီ)၊ Advance-47၊Chindwin Brothers၊ဗိုလ်မုတ်ဆိတ်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ပေးပါသော NAS-နပ်စ် လေကြောင်းရန် နှင့် ရင်းမြစ်ဌာနေကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း CRBက ဖော်ပြထားသည်။

ချင်းတွင်းရော့ကတ်ညီနောင် CRB အနေဖြင့် မုံရွာ နမခအား ၂၀၂၄ ဇန်နဝါရီ ၄ရက်ကစ၍ ယခု ၂၀၂၅ဇန်နဝါရီ ၁၄ ရက်ထိ တစ်နှစ်အတွင်း ၅ ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CRB အဖွဲ့ထံမှ သိရသည်။

စစ်ဆင်ရေးလုပ်ဆောင်နိုင်ရန် တစ်လကျော်ကြာပြင်ဆင်ခဲ့ရပြီး ယခုမစ်ရှင်အတွက် ထုတ်လုပ်ရေးကုန်ကျစရိတ် ကျပ်သိန်း ၁၅၀ကျော်ရှိခဲ့ရာ ပြည်တွင်း၊ပြည်ပ ထောက်ပို့အဖွဲ့အစည်းများနှင့် ပြည်သူများမှ ချင်းတွင်းရော့ကတ်ညီနောင် CRB ကို ကူညီထောက်ပံ့ပေးကြရန် ပန်ကြားတောင်းဆိုထားသည်။

အလားတူ ဇန်နဝါရီ ၁၄ ရက်ညပိုင်းက နမခ အား Brave Warrior for Myanmar-BWM နှင့် မဟာမိတ်အချို့မှလည်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် အချို့ကလည်း ရှမ်းတဲ​လေတပ် တိုက်ခိုက်ခံရမှုကို အတည်ပြု​သော်လည်း လူ​နေရပ်ကွက် များအတွင်းသာကျသည်ဟု​ရေးသား ဝါဒဖြန့်​နေကြသည်ကို​တွေ့ရသည်။

သတင်း

စစ်ကောင်စီဘက်မှ ၅ဦးသေ ၊ လေးဦးဒဏ်ရာရဟု BWM အဖွဲ့ပြော

သတင်း

အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အနီး၌ တိုက်ပွဲပြင်းထန်နေသလို ဧရာဝတီတိုင်းနှင့် နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း တိုက်ပွဲဖြစ်နေသည်။