အိမ်သွင်/People’s Spring
စစ်ကြောင်းတစ်လုံးပြုတ်အောင်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်း အထိုင်ချတပ်စွဲခဲ့သည့် ဘုတလင်မြို့နယ် ကူတော်ကျေးရွာရှိ ရဲကင်းစခန်းမှ စစ်ကောင်စီတပ်က စခန်းစွန့်ခွာသွားခဲ့သည်။
ဘုတလင်မြို့နှင့် (၁၀)မိုင်ခန့်အကွာရှိသော ကူတော်ရဲကင်းစခန်းကို ဇန်နဝါရီ ၁ရက်တွင် စစ်ကောင်စီတပ်က အပြီးသတ်စွန့်ခွာသွားခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။





” ကူတော်ရဲစခန်းကို အပြီးစွန့်သွားပြီး ဘုတလင်မြို့ပေါ်မှာ သွားပေါင်းနေတယ်။မြို့ကို ခံစစ်ပြင်မယ့်အနေအထားဖြစ်မယ်။ အခုလို စခန်းစွန့်သွားတော့ ဒေသခံတွေအတွက်တော့ကောင်းတယ်။ နောက်ပြီး သူတို့မထိန်းချုပ်နိုင်တော့တာလည်းပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
ပြီးခဲ့သည့် စက်တင်ဘာ ၃၁ရက်က ကူတော်ရဲကင်းစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့သည်။ ထို့အပြင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့ပြီး ကူတော်ရဲကင်းစခန်းကို အင်အားထပ်မံဖြည့်တင်းခဲ့သည်။ အဆိုပါစစ်ကြောင်းသည် အောက်တိုဘာနှင့်နိုဝင်ဘာလလယ်အထိ ဘုတလင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးစဉ် ဒေသခံ ၂၄ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် ကူတော်ရဲကင်းစခန်းတွင် အင်အား ၃၀ခန့်ထားပြီး ဆက်လက်တပ်ဆွဲထားခဲ့သည်။ ယခုတွင် စခန်းကို စွန့်ခွာသွားပြီး ဘုတလင်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး နှစ်နေရာ၌ အင်အား ၂၀၀ခန့်စုပေါင်း၍ တပ်စွဲထားကြောင်းသတင်းရရှိသည်။
