မြန်မာနိုင်ငံ ကရင်နီပြည်ကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တောတွင်းလျှိုဝှက်ဆေးရုံးကိုအခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် The Last Hospital: 30 Days in Myanmar နဲ့အတူ Sky News သတင်းဌာနဟာ နိုင်ငံတကာ အမ်မီဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။
အဲဒီ ဇာတ်ကားဟာတောတွင်း လျှို့ဝှက်နေရာ တစ်ခုမှာ တော်လှန်ရေး ဆေးတပ်သားတွေရဲ့ ကြိုးစားအားထုတ် ရုန်းကန်မှုတွေ၊ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို ဖော်ထုတ်ပြထားတာ ဖြစ်ပါတယ်။

Sky Newsရဲ့ သတင်းထောက်ချုပ် စတူးဝပ်ရမ်းဆေးနဲ့ အဖွဲ့သားတွေဟာ မြန်မာ့တော်လှန်ရေး အင်အားစုတွေ ဖြစ် ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF တပ်ဖွဲ့တွေနဲ့အတူ တစ်လလောက် သိုသိုဝှက်ဝှက် နေထိုင်ရင်း အခုဗီဒီယိုကို မှတ်
တမ်းယူ ရိုက်ကူးခဲ့တာပါ။ အထူးသဖြင့် ရှေ့တန်း စစ်မြေပြင်တွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေဟာလူ့အသက်တွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စွန့်စားစား အလုပ်လုပ်နေသလဲ ဆိုတာကို The Last Hospital: 30 Days in Myanmar က ထင်ဟပ်ပြထားခဲ့ပါတယ်။

Public Service Announcement
စက်တင်ဘာ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲမှာတော့ ရမ်းဆေးက အခု ပရောဂျက်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး အားထုတ်ပေးခဲ့တဲ့ စီနီယာ ပရိုဂျူဆာ ဒေါမနစ် ဗန်ဟာဒင်းကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။
ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များလှတဲ့ အခြေအနေမှာ မှတ်တမ်းရုပ်ရှင် ဖြစ်မြောက်အောင် ရိုက်ကူးဖို့ စီမံပေးခဲ့သူ အားလုံးကိုလည်း ရမ်းဆေးက အသိအမှတ်ပြုသွားခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ သတ္တိပြောင်မြောက်မှုကို သူက ချီးကျူးခဲ့ပါတယ်။

မှတ်တမ်းရုပ်ရှင်မှာ အဲဒီ ကျန်းမာရေး ဝန်ထမ်းတွေဟာ အရေးအပါဆုံး အစိတ်အပိုင်း ဖြစ်ခဲ့ပေမယ့် တစ်ဖက်မှာလည်း သူတို့အဖွဲ့ကို လက်ခံထားခြင်းက ဆရာဝန်တွေ၊ သူနာပြုတွေအတွက် ပိုပြီး အန္တရာယ် များခဲ့တယ်လို့ ရမ်းဆေးက ရှင်းပြသွားပါတယ်။
သူက စစ်ပွဲဇုန်တွေမှာ သတင်းထောက်တွေကိုယ်တိုင် စွန့်စားသွားလာ သတင်းယူတာမျိုး မရှိရင် ဘယ်သူကမှ တကယ့် ပကတိ အခြေအနေမှန်တွေကို ဖော်ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။ ဒီနှစ် ဆုပေးပွဲမှာ မှတ်တမ်းရုပ်ရှင် ကဏ္ဍအတွက် The Last Hospital: 30 Days in Myanmarဟာ ဘရာဇီးရဲ့ GloboNews၊ ဗြိတိန်ရဲ့ BBC၊ အစ္စရေးရဲ့ Uvdaတို့လို ပြိုင်ဘက်ကောင်း သတင်းဌာနတွေကို ကျော်လွှားခဲ့ရတာ ဖြစ်ပါတယ်။
ကိုးကား -Sky News
