သုည/People’s Spring
ရန်ကုန်မြို့ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသော ဘန်ကာအား ယမန်နေ့ည ၇ နာရီခွဲခန့်က လက်ပစ်ဗုံး ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force-FLAက အသိပေးထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် ပျက်ဆီးမှုအခြေအနေကို အသေးစိတ်မသိရသေးသော်လည်း ရဲဘော်များဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က အသိပေးခဲ့သည်။

Public Service Announcement
” ညက ၇ နာရီကျော်လောက်မှာ ဗဟိုလမ်းမှာ ဗုံးပေါက်သံ ကြားလိုက်ရတယ်။ နောက်မှ မီတာရုံးပေါက်တာလို့ သိရတယ်။ အဲဒီ မီတာရုံးက အစထဲကလည်း စစ်သားတွေ လာစောင့်တာ အမြဲရှိပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ ဗုံးပေါက်ပြီးတော့ စစ်သားတွေ ရဲတွေတော့ အများကြီးရောက်လာပြီး စစ်ဆေးနေတာ တွေ့ရတယ်”ဟု အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက အင်းစိန်မြို့ ဗဟိုလမ်း၊ လမ်းသစ်လမ်း၊ အောင်ဆန်းဈေး၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျတံတားတို့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ရန်ကုန်မြို့အား စစ်ကောင်စီအဖွဲ့ လုံး၀အုပ်ချုပ်ခွင့်မရစေရေးအတွက် အစွမ်းကုန်တွန်းလှန်ခုခံသွားမည် ဖြစ်ပြီး မြို့ပြပြည်သူလူထုနှင့်အတူ လျှို့ဝှက်စွာရှိနေမည်ဟုလည်း Freeland Attack Force-FLA က ဆိုသည်။
ယမန်နေ့ညကလည်း ရန်ကုန်မြို့တွင် စစ်ကောင်စီသန်းခေါင်စာရင်း ကောက်ယူရန် အကူအညီပေးနေသည့် အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် ရာအိမ်မှူး မင်းမင်းထွန်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
