မိထက်/People’s Spring
မိုးသည်းထန်စွာရွာပြီးနောက် အုတ်ဖိုမြို့နယ်နှင့်ထိစပ်နေသော ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံရေလျှံခဲ့ရာတမံကျိုးပေါက်မှု မရှိစေရေးလုပ်ဆောင်ခဲ့ပြီးတမံကြံ့ခိုင်မှုအား စစ်ဆေးနေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း၌ ယခုလပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဂမုန်းရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်အထက် ရောက်ရှိကာ တမံကျိုးပေါက်နိုင်သည့် အခြေအနေကို ရောက်ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် တမံကျိုးပေါက်မှု မရှိစေရေးအတွက် ပင်မရေထိန်းတံခါးမှ ထိန်းညှိ၍ ရေလွှတ်ခြင်း၊ ရေပိုလွဲမှ ရေစီးဆင်းမှုကောင်းစေရန် အမှိုက်ရှင်းခြင်း၊ တမံကြံ့ခိုင်မှုအား စစ်ဆေးခြင်းများ နေ့ညမပြတ်လုပ်ဆောင်လျှက်ရှိသည်ဟု အသိပေးထားသည်။
စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက ပြည်သူ့အသက် အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေသည့်အတွက် ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေရန် ထိန်းသိမ်းဆောင်ရွက်နေသောကြောင့် ပြည်သူများ မစိုးရိမ်ကြရန် အသိပေးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။
“စစ်ကောာင်စီထိန်းချုပ်တဲ့နေရာတွေက ဆည်တွေကိုတော့ သူတို့(စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ) ရေတွေ ဒလဟောဖောက်ချတာ။ ဂမုန်းရေလှောင်တမံကတော့ PDF တွေထိန်းထားတာ ဟုတ်တယ်။ ရေအရမ်းမလွှတ်လို့ ကျေးဇူးတင်ရတယ်” ဟု အုပ်ဖိုမြို့ခံတစ်ဦးကပြောသည်။
ထို့အပြင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များသည် အုတ်ဖိုမြို့နယ်၊ အေးမြသာယာရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းနှင့် ရဲသတင်းပေးတဦးကို စက်တင်ဘာလ ၁၆ရက်တွင် ရဲစခန်းအနီး ၌ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
ပြည်သူများ နှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါထောက်တိုင်များအနီး ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။
