ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာပျူစောထီးစခန်း ထပ်မံတိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
ဆင်မရဲရွာပျူစောထီးစခန်းကို ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက်ပိုင်းက သုံးကြိမ်မြောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း Urban Underground Revolution Force (YSO) အဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲတွင် ပျူစောထီး သုံးဦး သေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိကြောင်း၊ ကျန်ရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများမှာ ထွက်ပြေးသွားကြောင်း Urban Underground Revolution Force (YSO) အဖွဲ့က အသိပေးသည်။
ထို့ပြင် သေနတ် ၈လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း Urban Underground Revolution Force (YSO)အဖွဲ့က ထပ်မံအသိပေးသည်။
ဆင်မရဲရွာပျူစခန်းကို စက်တင်ဘာ၂၁ ရက်ကတည်းက ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဆင်မရဲမှာ တပ်စွဲထားတာ တစ်နှစ်ခွဲလောက်ရှိပြီ။ ကာကွယ်ရေးအဖွဲ့တွေ အရင်ရက်ကတည်းက တိုက်နေတယ်တော့ ကြားတယ်။ စခန်းတော့မသိမ်းနိုင်ခဲ့ဘူး။ ဒီကနေ့တော့ စခန်းစွန့်သွားတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။
စခန်းသိမ်းဖြစ်စဥ်နှင့်ပတ်သက်၍ ထုတ်ပြန်သည့် Urban Underground Revolution Force (YSO) အဖွဲ့အပါအဝင် အခြားအဖွဲ့များအား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဆင်မရဲပျူစောထီးရွာမှ စစ်အုပ်စုကမူ စခန်းအားယာယီ စွန့်ခွာခြင်းသာဖြစ်ပြီး လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မည်ဟု စစ်ကောင်စီထောက်ခံ တယ်လီဂရန်ချန်နယ်များတွင် ခြိမ်းခြောက်ရေးသားနေသည်။
စခန်းသိမ်းတိုက်ပွဲတွင် Urban Underground Revolution Force (YSO)၊ ပခုက္ကူခရိုင် တပ်ရင်း (၃)၊ ပခုက္ကူခရိုင် တပ်ရင်း (၁၀)၊ ပခုက္ကူခရိုင် တပ်ရင်း (၂)၊ မြင်းခြံခရိုင် တပ်ရင်း (၁)၊ မြိုင် ပကဖ ဒရုန်းတပ်ဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ (YSO)၊ ဒေါင်းစစ်သည် ပခုက္ကူအဖွဲ့၊ ဒေါင်းညီသွေးနီ သွေးသောက် YSO၊ RDS၊ နဂါးနီအထူးတပ်ဖွဲ့ မြိုင်၊ Burma Revolution Force၊ မြောင်တပ်ပေါင်းစု၊ Myaing Revolution Team၊ ညီနောင်သုံးဖော် YSO၊ Dragon Brother YSO၊ RC တပ်ပေါင်းစုနှင့် RC ပလိပ်တပ်ပေါင်းစုအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
အလားတူ စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်ကလည်း ရေစကြိုမြို့နယ်၊မင်းရွာပျူစောထီးရွာအား Fixedwing Drone များဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
