ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်ပြီးနောက်စစ်ကောင်စီက မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့ စက်တင်ဘာ ၂၄ရက် ဗုံးကြဲတိုက်ခိုက်မှုသည် ယခင်နှင့်အတူဘဲ မြို့ခံများ၏ အသက်အိုးအိမ်စည်းစိမ်ကို အပြင်းအထန် ထိခိုက်နစ်နာစေခဲ့ဟု MNDAAက သတင်းထုတ်ပြန်သည်။
ဩဂုတ်လကုန်ပိုင်းမှစတင်၍ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ယနေ့ မနက် အစောပိုင်းတွင် လူအများအိပ်ချိန် မနက်အစော ၁နာရီခွဲမှစတင်၍ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ အပါအဝင် ၁၆ဦး ဒဏ်ရာရခဲ့သည်ဟု MNDAAက အသိပေးသည်။

“လားရှိုးတိုက်ပွဲပြီးနောက်ပိုင်း မင်းအောင်လှိုင်အာဏာသိမ်းတပ်တို့သည် လားရှိုးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သော ပဉ္စမအကြိမ်ဖြစ်သည်။ ဤတိုက်ခိုက်မှုနှစ်ကြိမ်သည် အရင်ကနဲ့ လုံးဝမတူဘဲ တိုက်လေယာဉ်မှ အနည်းဆုံးပေါင် ၅၀၀ဗုံး၄ လုံး ကြဲချခဲ့သည်။အဆိုပါ ဗုံးများသည် လူနေထူထပ်သော ဈေးများ၊ လူနေရပ်ကွက်များနှင့် ဟိုတယ်များတွင် ကျရောက်ခဲ့ပြီး ဈေးမျက်နှာစာနှင့် လူနေအိမ်ခြေ ဒါဇင်ပေါင်းများစွာ မီးလောင်ပျက်စီးစေကာ လားရှိုးမြို့ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်ကို အပြင်းအထန် ထိခိုက်နစ်နာစေခဲ့ပြီး လားရှိုးဒေသရှိ ပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်စိတ်များ ထပ်မံဖြစ်စေလာခဲ့ကြရသည်” ဟု MNDAAက ထုတ်ပြန်သည်။

Public Service Announcement
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ လုပ်ဆောင်ခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားရာအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာပထမ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရသူ ၉ ဦးရှိ၍ ဆေးရုံအမြန်ပို့ဆောင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာတွင် အပြစ်မဲ့ အရပ်သား တစ်ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ်ကုသမှု ခံယူရန် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရသူများအနက် ၄ ဦးသည် ပြင်းထန်သော ဒဏ်ရာများကြောင့် ဆေးရုံတင်ကုသခဲ့ရပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု အသိပေးသည်။
လေကြောင်းတိုက်ခိုက်ဗုံးကြဲမှုကြောင့် လူသေဆုံးထိခိုက်မှုများရှိခဲ့ရုံသာမက မီးလောင်ကျွမ်းမှုကိုလည်း ဖြစ်စေခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားသည့်နေရာသည် လူနေထူထပ်သောဈေးနှင့် လူနေရပ်ကွက်တွင် တည်ရှိသောကြောင့် မီးလောင်မှုဖြစ်ပွားပါက နောက်ဆက်တွဲဆိုးကျိုးများ ဆိုးဆိုးရွားရွားဖြစ်လာမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့၏ ကြိုးပမ်းအားထုတ်မှု၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူတို့၏ တက်ကြွသောအကူအညီဖြင့် မီးကို နောက်ဆုံးတွင် ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုကို များစွာလျှော့ချနိုင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

တအာင်းတပ်မတော်(TNLA)ကလည်း စစ်ကောင်စီက သီပေါမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူသေဆုံးထိခိုက်အခြေအနေကို ယနေ့ညနေပိုင်း၌ ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာ ၂၃ရက် နေ့လည်ပိုင်းက စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် နားလွယ်ရွာ ရှိ အသက် ၇၇ ရွယ် အဘွားအိုအပါအဝင် ၄ဦးသေဆုံးခဲ့သည်။ သေဆုံးသူ လေးဦးသည် မြေးအဖွားများ ဖြစ်သည်ဟု အသိပေးသည်။
ထို့အပြင် အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါဝင် အမျိုးသား(၃)ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုဆိုသည်။
နားလွယ်ကျေးရွာရှိ နေအိမ်(၁၀)လုံး ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး မပေါက်ကွဲသေးသည့် ဗုံး(၁)လုံးလည်း ကျန်ရှိနေသေးသည်ဟု TNLAက ထုတ်ပြန်သည်။
ယမန်နေ့ညပိုင်းကလည်း စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၂၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူလူထုများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ဟု သီပေါမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေကို TNLAက အသိပေးထားသည်။
