ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော အသက်(၆၀) ကျော်အရွယ် အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း ဂဠုန် PDF နတ်မောက်၏ တာဝန်ရှိသူက ပြောသည်။
စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့်တွင် နတ်မောက်မြို့နယ်တနေရာ၌ PDF ရဲဘော်များက စစ်ဆေးရေးပြုလုပ်နေစဥ် ( ၆၀)ကျော်အရွယ် အမျိုးသားနှစ်ဦးထံမှ ဘိန်းမဲ ၁ပိဿာနှင့် စိတ်ကြွမူးယစ်ဆေးပြား အပြား ၄၀၀ သိမ်းဆည်းရမိခဲ့ကြောင်း ဂဠုန် PDF နတ်မောက်၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“အသက်ကြီးတဲ့ ၆၀၊ ၆၁ ဦးလေးကြီးနှစ်ယောက် ခြေကျင်လျှောက်ပြီး သယ်လာတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့တတွေ ပိတ်ဆို့ဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာ ဖမ်းမိတာ။ အမှန်ကတော့ ကျွန်တော်တို့ စစ်ကောင်စီ လက်အောက်က ဒလန်သူလျှိူတွေကို ပိတ်ဖမ်းဖို့ စစ်ဆေးနေရင်းနဲ့ သူတို့တွေကို စစ်ဆေးတွေ့ရှိတာပါ။”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ဖမ်းဆီးရမိသူနှစ်ဦးအား မည်သို့ဆက်လက်ဆောင်ရွက်သွားမည်ကိုမူ ဂဠုန် PDF နတ်မောက်က အသိပေးထားခြင်း မရှိသေးပေ။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေးမြို့ကြီးများတင်သာမက နယ်ဒေသများ၌ပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ပိုမိုပြန့်ပွားလာနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးများအား ရောင်းဝယ်သုံးစွဲခြင်းများ များပြားလာနေ၍ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်ထားသည်။
