မိထက်/People’s Spring
အာရက္ခတပ်တော်(AA) က မောင်တောမြို့နယ်တွင်စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်သောအမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅)ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်း ၊ရေကြောင်း၊လက်နက်ကြီးပစ်ကူများဖြင့်ခုခံတိုက်ခိုက်နေကာတိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။
မောင်တောမြို့မှ စစ်ကောင်စီစခန်းများအပြားကို AAက သိမ်းယူထားပြီးနောက် AA က မောင်တောမြို့ကို သိမ်းပိုက်ရန်အတွက် မြို့နယ်အတွင်းတခုတည်း ကျန်သည့် မြို့အဝင်လမ်းတွင် အခိုင်အမာတည်ဆောက်ထားသော အမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅)ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ယခုရက်ပိုင်းတိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ ၊စစ်ရေယာဥ်များပေါ်မှ ပစ်ကူပေးတိုက်ခိုက်နေသလို ၊ စစ်တွေမြို့မှနေ၍ အတွဲလိုက်ပစ်ဒုန်းများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။

Public Service Announcement

” မောင်တောက ရတော့မယ်ထင်တယ်။ တပ်တော်က ထိုးစစ်ဆင်နေပြီ။ စစ်တပ်ကတော့ မြေပြင်မှာတော်တော်လေး ကစဉ့်ကလျားဖြစ်နေပြီး စစ်တွေကနေလည်း ပစ်ကူပေးနေတယ်” ဟု ၎င်းကပြောသည်။
မောင်တောမြို့၊ မြို့သူကြီးရွာအခြေစိုက် နခခ-၅ကိုဇူလိုင်လ ၃၁ရက်မှစ၍ AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ မြို့အနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူ များကြောင်းဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောသည်။
မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်က မောင်းတောမြို့နယ်အတွင်းမှ လူသစ်စုဆောင်းထားသူများလည်းပါဝင်နေပြီး သေဆုံးမှုများပြားနေကြောင်း သတင်းများထွက်ပေါ်နေသည်။
နခခ-၅ စခန်းသည် မောင်တောဒေသအတွင်း၌စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်ပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAက ဇူလိုင်လ ၁၁ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးလတ်တလောဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီက မောင်တောမြို့အား မဆုံးရှုံးရန်အတွက် မြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် AA ကလည်း မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၁၁ ရက်တွင်ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီသည် မောင်တောမြို့တွင်း၌ မိုင်းများထောင်ထား၍ ဒေသခံများမိုင်းအန္တရာယ်သတိရှိကြရန် AAက သတိပေးထားသည်။
