ဒီပ/People’s Spring
လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များ ဇူလိုင် ၂၈ ရက်က စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော သံချပ်ကာယာဥ်သည် ယူကရိန်းနိုင်ငံထုတ် BTR -3U ဖြစ်နေသည်ကိုတွေ့ရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် လားရှိုးမြို့အခြေစိုက် အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းအပါအဝင် အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲ၊ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်တပ်ဂေါက်ကွင်း တို့ကို ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း BPLA ကထုတ်ပြန်သည်။

Public Service Announcement

အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများတွင် ယူကရိန်းနိုင်ငံထုတ် BTR-3U သံချပ်ကာယာဥ်ပါဝင်နေသည်ကို သတင်းဓါတ်ပုံတွင်တွေ့ရသည်။
စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၀ခုနှစ်အတွင်း စစ်တပ်က ယူကရိန်းမှ BTR 3U အစီးရေများစွာဝယ်ယူခဲ့ပြီး အဆိုပါသံချပ်ကာယာဥ်များဝယ်ယူရန် ဘက်ဂျက် ဒေါ်လာသန်း ၅၀၀ ကျော်သုံးစွဲခဲ့ကြောင်း နိုင်ငံတကာစစ်လက်နက်စောင့်ကြည့်ရေးဝက်ဆိုက်များကဖော်ပြသည်။
အဆိုပါသံချပ်ကာယာဥ်သည် အရှည် ၂၅ ပေ ၁၀လက်မ ၊ အမြင့် ၉ ပေ ၂ လက်မ ၊ အကျယ် ၉ပေ ၆ လက်မ ၊ ယာဥ်အလေးချိန် ၁၆ တန်ရှိကြောင်းစစ်တပ်ကထုတ်ပြန်ထားသောအချက်အလက်များအရသိရသည်။တိုက်ယာဥ်အဖွဲ့သား ၃ ဦး စီးဖြစ်ပြီး ထပ်ဆောင်း ၆ ဦးထပိမံစီးနင်းနိုင်သောသံချပ်ကာလူသယ်ယာဥ်ဖြစ်သည်။သံချပ်ကာယာဥ်တွင် ၃၀ မမ စက်အမြောက် နှင့် ၇.၆၂ စက်သေနက် တပ်ဆင်ပစ်ခတ်နိုင်သည်။
BTR-3U သံချပ်ကာယာဥ်များကို ယူကရိန်း၊ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ Kharkiv Morozov Machine Buliding Design Bureau ကထုတ်လုပ်ထားခြင်းဖြစ်သည်။ ယူကရိန်းက မြန်မာအပါအဝင် အဇာဘိုင်ဂျန် ၊ နိုင်ဂျီးရီးယား ၊ထိုင်း ၊ဆူဒန် ၊ရုရှား ၊ ယူအေအီး စသောနိုင်ငံများသို့ ရောင်းချခဲ့သည်။ မြန်မာစစ်တပ်သည် ယူကရိန်းထံမှ BTR-3U အများဆုံးဝယ်ယူသောနိုင်ငဲတစ်နိုင်ငံဖြစ်ပြီး ၂၀၁၅-၂၀၁၆ ကိုးကန့်စစ်ပွဲတွင် ထိုသံချပ်ကာယာဥ်များ၏ စွမ်းဆောင်ရည်ကို သဘောကျ၍ အစီးရေတိုးဝယ်လိုပြီး ယူကရိန်းနှင့်ပူးပေါင်း ပြည်တွင်၌ပင်တပ်ဆင်ထုတ်ထုတ်ရန် စိတ်ကူးခဲ့ကြောင်း defence-blog က ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နေပြည်တော် လမ်းမကျယ်ကြီးများကို ပိတ်၍ သံချပ်ကာယာဥ်များရပ်၍ စစ်သားများက လုံခြုံရေးယူခဲ့ရာတွင် BTR-3U သံချပ်ကာယာဥ်များကိုအသုံးပြုခဲ့သည်။
၂၀၁၅ ကိုးကန့်စစ်ပွဲတွင်အသုံးပြုခဲ့သော ထိုသံချပ်ကာယာဥ်များကိုMNDAA ဦးဆောင်သောတော်လှန်ရေးတပ်များကယခုအခါသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
၁၀၂၇ ပထမလှိုင်းတိုက်ပွဲများတွင်လည်း MNDAA က စစ်ကောင်စီတပ်ထံမှ ယူကရိန်းနိုင်ငံထုတ် BTR-3U နှင့် MT-LBMSh သံချပ်ကာယာဥ်များကိုသိမ်းဆည်းနိုင်ခဲ့သေးသည်။
