ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။
ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား ဇူလိုင် ၂၄ရက် နံနက် ၄နာရီ ၁၅မိနစ်မှစတင်ကာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

Public Service Announcement
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈နာရီခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅၀ကျော်သေဆုံးပြီး တော်လှန်ရေးအဖွဲ့ဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။
“ခုခံတိုက်တဲ့ကောင်တွေအကုန်သေတယ်”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် သေနတ်(၁၇)လက်ထက်မနည်းအပါအဝင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။
ရွာသာယာစစ်ကောင်စီတပ်စခန်းသည် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းနားဘေးရှိ ကျေးရွာများအား မီးရှို့ခြင်း၊ ပစ္စည်းများကို ခိုးယူခြင်း၊ပြည်သူလူထုအား သတ်ဖြတ်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် အခြေအနေကောင်းကို စောင့်ပြီး အမြန်ဆုံးသိမ်းပိုက်လိုက်ရခြင်းဖြစ်ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ရွှေဘိုခရိုင် ကွပ်ကဲရေး(၂)အောက်ရှိ အမှတ်(၁)+(၂)တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် ၅၁၂ တပ်ရင်း၊ မန်းခရိုင် တပ်ရင်း(၆)၊ဝက်လက်မြို့နယ် ပကဖနှင့် စဉ့်ကူးမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
