သတိုး/People’s Spring
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၌ စစ်ကောင်စီလှည့်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces(GHF) အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက လူထုနွေဦးသို့ပြောသည်။
” ကျွန်တော်တို့ မျှော်မှန်းသလောက်တော့ ဖြစ်မသွားဘူး။ အတိုင်းအတာတစ်ခုအထိတော့ဖြစ်သွားပါတယ်”ဟု ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

Public Service Announcement
ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင် လှိုင်သာယာမြို့နယ် အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ် မှတ်တိုင်ကြား၌ စစ်ကောင်စီ၏ ပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း GHF က သတင်းထုတ်ပြန်ထားသည်။
“သူတို့က ချက်ချင်းလမ်း ပိတ်လိုက်တာရယ် ။နေရာကလည်း အရမ်းသိသာထင်ရှားတယ်။ အဝင်အထွက်လည်းမလွယ်တော့ နောက်ဆက်တွဲကို အလုံးစုံမသိလိုက်ဘူး”ဟု ဆရာကျောင်းကပြောသည်။
စစ်ကောင်စီဘက်မှ စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သူအားလုံး ဘေးကင်းကြောင်း ၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ‘M 043 စစ်ဆင်ရေး’၏ စတုတ္တမြောက် စစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု GHF ကအသိပေးထားသည်။
“M 043 စစ်ဆင်ရေး ကစွန့်လွှတ်အနစ်နာခံတဲ့ ကျွန်တော်တို့ ရဲဘော်တစ်ဦးအတွက် အမှတ်တရအနေနဲ့ လုပ်ဖြစ်တာပါ”ဟု ဆရာကျောင်းကပြောသည်။
GHF သည် Yangon UG Association အဖွဲ့ဝင်အနေဖြင့် အောင်မင်္ဂလာ ၊ ပြည်သူ့ကမ်းလက်၊ အသက်လျော်ကြေးစသည့် စစ်ဆင်ရေးများကိုလည်းလုပ်ဆောင်ခဲ့သည်။
“အများပြည်သူအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သက်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများ နှင့်ဝေးရာမှ ရှောင်ရှားသွားလာကြရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည် “ဟု GHF၏ ထုတ်ပြန်ချက်၍ ဖော်ပြထားသည်။
