ဇေအောင်/People’s Spring
စဥ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ရဲဘော်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချော့မော့၍ အလင်းဝင်စေခဲ့ကြသည်။
စဥ့်ကူးမြို့သိမ်းတိုက်ပွဲ၌ စစ်သုံ့ပန်းဖမ်းဆီးရမိခဲ့သည့် ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကယနေ့(ဇူလိုင်၂၉ရက်) ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement
ရုပ်သံမှတ်တမ်းတွင် စဥ့်ကူးမြို့ပေါ်တနေရာ၌ လက်နက်မပါသော MDY PDF၏ ရဲဘော် လေးဦးက လမ်းပေါ်တွင် ရပ်နေခဲ့သည်။ ရှေ့ဆုံးက ရဲဘော်က လက်ကိုင်စပီကာငယ်ဖြင့် အဆောက်အအုံအတွင်း ပိတ်မိနေပြီဖြစ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အား ယခုကဲ့သို့ ချော့မော့ခေါ်ယူခဲ့သည်။
“ကျွန်တော်တို့တ မြေတည်း တရေတည်းမှာနေတဲ့ ညီအကိုတွေပဲ။ အချင်းချင်း ပြန်သတ်နေစရာမလိုဘူးလေ။ ကျွန်တော်တို့တတွေ စည်းစည်းလုံးလုံးရှိနေရင် ဒါကြီးကငြိမ်းချမ်းသွားမှာနော့ကိုကြီး။”ဟု လှမ်းပြောသည်။
အတွင်းထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်ကလည်း “ငါလည်းမကြိုက်ဘူး”ဟု ပြန်ပြောသည်။
မန္တလေး PDF၏ ရဲဘော်က “ဟုတ်ပြီ။ ဟုတ်ပြီ ကိုကြီး။ မြန်မြန်လေး လာပူးပေါင်းပါလာ ကိုကြီးလာ။ ကျွန်တော် လက်ဖျားနဲ့ကိုမထိဘူး။ အာမခံချက်အပြည့်အဝပေးတယ် ကိုကြီးရာ လာပါ။ သေနတ်တွေမယူခဲ့နဲ့နော်ကိုကြီး။ ကျွန်တော်တို့လည်း လက်ဗလာနဲ့လာမှာ။ ကျွန်တော်တို့ညီအကိုတွေ လက် ဆွဲနှုတ်ဆက်် မယ်နော်ကိုကြီး။”ဟု ကောင်းမွန်စွာ ပြောခဲ့သည်ကို တွေ့ရသည်။
ဆက်လက်ပြီး ရုပ်သံမှတ်တမ်းတွင် ရှေ့ဆုံးမှစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက အလံဖြူထောင်၍ ဦးဆောင်လာပြီး ၎င်း ၏နောက်၌ ၂ဝ ဝန်းကျင်ရှိမည့် စစ်ကောင်စီတပ်သားများ တန်းစီထွက်လာခဲ့ကြသည်ကို တွေ့ရသည်။
ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအနက် တစ်ဦးသာ လက်မောင်းပတ်တီးစီးထားပြီး ကျန်သုံ့ပန်းများ ချွေးအနည်းငယ်ထွက်ကြသည်မှအပ မည်သည့်ဒဏ်ရာဒဏ်ချက်မျှ ရရှိသည်ကိုမတွေ့ရပေ။၎င်းတို့အား ကြိုးတချောင်းမျှပင် ချည်နှောင်ထားခြင်းမရှိသည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့မြင်ရသည်။
PDFများက အဆိုပါသုံံ့ပန်းများအား ရေသန့်ဘူးများဝေငှသည်။ သုံ့ပန်းဖမ်းဆီးထားသည်နှင့်မတူဘဲ ဘောလုံးကစားပွဲ အားလပ်ချိန်ပေး၍ နှစ်ဘက်အသင်းသားများ ပေါ့ပေါ့ပါးပါး စကားပြောနေသည်နှင့်ပင် တူနေသည်။
“ကျွန်တော်တို့လည်း လုပ်ချင်လွန်းလို့ လုပ်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ကို တိုက်နေတာမဟုတ်ဘူး။ သူတို့ရဲ့စနစ်ကိုတိုက်နေတာ။ ခင်ဗျားတို့ရဲ့ခေါင်းဆောင်ပိုင်းတွေ၊ သူတို့ရဲ့ယုတ်မာတဲ့ စနစ်ကိုတိုက်နေတာ။ ခင်ဗျားတို့မှာလည်း မိသားစုတွေရှိတယ်။ သားသမီးတွေရှိတယ်။ ဟုတ်တယ်မလား။ ရေဘူးကအကောင်းတွေနော်။ နောက်လူတွေလည်း ရအောင်သိမ်းသွင်း။ ခင်ဗျားတို့နီးစပ်ရာတွေ။ အေးအေးချမ်းချမ်းနဲ့ပြီးသွားပြီ။သွေးလည်းမစွန်းရဘူး။ဟုတ်တယ်မလား။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ရဲဘော်တစ်ဦးက ကောင်းမွန်စွာ ပြောဆိုခဲ့သည်။
စဉ့်ကူးမြို့အပါအဝင် ယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအားဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇူလိုင်၂၀ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ဟု မန္တလေး PDF က အသိပေးထားသည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှလည်း ရဲဘော်အချို့ကျဆုံးပြီး ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့သည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့မသိမ်းမီက ယင်းနယ်အတွင်းရှိရွှေပြည် ရဲစခန်း ၊ လက်ပန်လှရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းများအပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ သိမ်းပိုက် ရရှိထားသည်။
ရုပ်သံ – မန္တလေး PDF
