ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းဟုဆိုကာ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင် ၂၅ရက်က ရေစကြိုမြို့ပြည်သူ့ဆေးရုံရှေ့တွင် ဆိုင်ကယ်စီးကာ ဖြတ်သန်းလာသော အမှတ်(၈)၊ ဇေယျဝတီရပ်နေ အသက် (၂၃) နှစ်အရွယ် ကိုကုလားလေးဆိုသူအား ဦးထုပ်မဆောင်းဟုဆိုကာ ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ ကုလားလေးဆိုသူမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Info Committee Yesagyo)က ပြောသည်။

Public Service Announcement
ယခင်ကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးရိုက်နှက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
“အများအားဖြင့်တော့ ပိုက်ဆံ ၂သောင်း ၃သောင်းတောင်းတာ။ ရိုက်တာနှက်တာက တော့ သုံးလေးကြိမ်ရှိတယ်။”ဟု Info Committee Yesagyo၏ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူကုလားလေးမှာ အိမ်ထောင်သည် ဖြစ်ပြီး ဇနီးသည်နှင့် ကလေး (၂) ဦးကျန်ရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၈ရက်ကလည်း အမှတ် (၁)ထင်းတန်းရပ်တွင် မိခင်အားလာရောက်ဖမ်းဆီးချိန် မတွေ့၍ သားဖြစ်သူ အသက် (၁၅) နှစ်အရွယ် မောင်ဝဏ္ဏကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ရက်အကြာတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကာ အလောင်းကို အိမ်ပြန်ပို့ပေးခဲ့သေးသည်။
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးနှိိပ်စက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။
