မိထက်/People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ခလရ(၅၀) တပ်ရင်းမှ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ချောင်းကူးတံတားတစ်စင်းအားဖောက်ခွဲဖျက်ဆီးပြီး အရပ်သားလေးဦးအား ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ယနေ့(ဇူလိုင် ၂၀ရက်) နံနက် ၂နာရီခန့်တွင် ရှုံးရှီရွာနှင့် အောင်မြင်ကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဟု ဂန့်ဂေါမြို့နယ်ပအဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
၎င်းက “ရှုံးရှီရွာနဲ့အောင်မြင်ရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲ ဝင်လာတာ။ မနက်အစောကြီးဝင်လာတော့ ဒေသခံတွေ ပြေးရတယ်ဗျာ။ လေးယောက်ကို ဖမ်းသွားတယ်”ဟု ပြောသည်။
အောင်မြင်ရွာနှင့် ရှုံးရှီရွာချင်းဆက် ချောင်းကူးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
” အဲဒီတံတားက ဂန့်ဂေါအနောက်ပိုင်းမှာ ဒေသခံတွေအတွက် အရမ်းအရေးပါတဲ့တံတား။ မိုင်းခွဲတာ မပျက်လို့ အကြိမ်ကြိမ်ခွဲဖျက်ဆီးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် ဂန့်ဂေါမြို့အတွင်း ပြန်ဝင်သွားပြီဟု သတင်းရရှိသည်။
