စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်းရန် နိုင်ငံတကာထံ AAတောင်းဆို
ဇော်ရမ်း/People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေများအတွင်း မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင် အရေအတွက်မှာ ငါးသိန်းကျော်အထိရောက်ရှိနေပြီး စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ လှူဒါန်းပေးရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်များအား AAက ယနေ့(မေလ ၂၄ရက်) တိုက်တွန်းတောင်းဆိုသည်။
AAထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင် ငါးသိန်းကျော်ရှ်ိပြီး ယင်းတို့အနက် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နှစ်သိန်းခန့်ရှိကာ ၈၀ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်သည်ဟု ဆိုသည်။ ရခိုင်နှင့် တခြားသော လူနည်းစုများမှာ ၂၀ရာခိုင်နှုန်းခန့်ရှိသည်။
စစ်ဘေးရှောင်များအား ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံအစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီ ရောက်လာမည့် မိုးတွင်းကာလအတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီးလိုအပ်သောပစ္စည်းများ ဖြစ်လာမည်ဟုဆိုသည်။ ထို့ကြောင့် အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များမှ ကူညီပေးကြပါရန် အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု AAက ထုတ်ပြန်ထားသည်။

Public Service Announcement
ရခိုင်ဒေသတိုက်ပွဲများအတွင်း တိုက်ပွဲနှင့်နီးကပ်နေသော မြို့၊ ရွာများမှ ဒေသခံပြည်သူလူထုများသည် ၎င်းတို့၏အသက်အန္တရာယ် ဘေးကင်းလုံခြုံစေရေးနှင့် တိုက်ပွဲများအတွင်း ကြားညှပ်မသွားစေရေးတို့အတွက် AAမှ အလုံးစုံထိန်းချုပ်ထားသောနေရာများသို့ စစ်ဘေးရှောင်လာခဲ့ကြကြောင်း၊ စစ်ဘေးရှောင်အဖြစ် ရောက်လာကြသော ပြည်သူတိုင်းကို တန်ဖိုးထားလျက် လူမျိုးမရွေး၊ ဘာသာမရွေး မခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။
စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးလျက်ရှိသော ရခိုင်ပြည်နယ်တွင် လက်ရှိအခြေအနေကို လူအမျိုးမျိုးတို့က ရှုထောင့်အမျိုးမျိုးမှ ၎င်းတို့၏ အကျိုးစီးပွားအတွက် အဖြစ်အပျက်မှန်များကို မျက်ကွယ်ပြုလျစ်လျူရှုကာ လိုရာဆွဲ ပြောဆိုရေးသားနေမှုများကို ခပ်စိပ်စိပ်တွေ့မြင်လာနေရသည်လည်း AAက ထုတ်ပြန်ထားသည်။ မည်သူက မည်သို့ပြောဆိုရေးသားနေစေကာမူ မိမိတို့သည် မိမိတို့၏ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားများအတိုင်း ပြည်သူ့ ဝန်ဆောင်မှုအပိုင်းတွင် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ဟု ဆိုသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများအပေါ် အခြေခံ၍ မိမိတို့ အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် အပြစ်တင်ပြောဆိုရေးသားနေကြမည့်အစား ပကတိမြေပြင်အမှန်တရားကို သိရှိနားလည်အောင် ဦးစွာပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။
ပြည်သူလူထုအတွက် မြေပြင်၌ အမှန်တကယ် အကာအကွယ်ပေးဆောင်ရွက်နေသော ULA/AA နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းကသာ အားလုံးအတွက် ပို၍အကျိုးရှိနိုင်လိမ့်မည်ဖြစ်ပြီး ဤကဲ့သို့သော ပူးပေါင်းလုပ်ဆောင်မှုမျိုးကသာ ဒေသအတွင်း အတူနေလူမျိုးများ အချင်းချင်းအကြား၌ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသည်များကို အထောက်အကူပြုစေမည်ဟု ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်၌ စစ်ကောင်စီက စခန်းများကိုစွန့်လွှတ်ကာ လက်နက်များဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးနေကြဆဲ ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏အန္တရာယ်ကို သတိထားကြရန်နှင့် စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ ပြည်သူလူထုများ၊ လူသူထူထပ်သောနေရာများနှင့် စစ်ဘေးရှောင်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တတ်သော အကျင့်ရှိသောကြောင့် စစ်ရေးသတိအပြည့်ဖြင့် နေထိုင်ကြရန်ထပ်မံ တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေစဉ် ဘူးသီးတောင်နှင့် စစ်တွေရှိ IDP- အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ စခန်းများမှ ရိုဟင်ဂျာများ သတ်ဖြတ်ခံနေရသည်ဟု သတင်းများထွက်ပေါ်နေပြီး အရပ်ဖက်အဖွဲ့အစည်းများနှင့်နိုင်ငံရေးအင်အားစုများက ကြေညာချက်အချို့ အသီးသီးထုတ်ပြန်လာကြသည်။
စစ်ကောင်စီသည် ဘူးသီးတောင်နှင့် စစ်တွေရှိ IDP- အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ စခန်းများမှ ရိုဟင်ဂျာများကို အတင်းအကြပ် ဖိအားပေးကာ AAကို ဆန္ဒပြခိုင်းခြင်းများကို ပြုလုပ်နေပြီး ရိုဟင်ဂျာများအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်နှင့် လူမျိုးရေးပဋိပက္ခများ ထပ်မံ ဖြစ်ပွားစေရန် လှုံ့ဆော်နေသည်ဟုတော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့က မေလ ၂၂ရက်တွင် သဘောထားကြေညာချက် ပူးတွဲထုတ်ပြန်သည်။
ထို့အပြင် အကာအကွယ်မဲ့နေသော အဖိနှိပ်ခံ အသုံးချခံ ရိုဟင်ဂျာလူမျိုးစု အပေါ် နောက်တကြိမ် ဂျီနိုဆိုက်လူမျိုးတုံး သတ်ဖြတ်မှုများ ထပ်မံမဖြစ်လာစေရန် မြန်မာနိုင်ငံရှိ တော်လှန်ရေး နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများအပြင် ပြည်သူလူထု တစ်ဉီးချင်းစီအနေဖြင့်လည်း အရပ်သား ကာကွယ်ရေး၊ လူ့ ဂုဏ်သိက္ခာကာကွယ်ရေး အခြေခံအပေါ် ရပ်တည်ဖို့ အထူး အရေးကြီးပြီး ဒေသတွင်းတာဝန်ရှိသည့် အာရက္ခတပ်တော် (AA) သည်လည်း ရခိုင်ဒေသ အတွင်း မှီတင်းနေထိုင်နေကြသော ပြည်သူလူထုများ အားလုံးကို ကာကွယ်ပေးရန် အထူးတာဝန်ရှိနေသည်ဟု တောင်းဆိုထားသည်။
AAခေါင်းဆောင်များနှင့် ရိုဟင်ဂျာခေါင်းဆောင်များလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။
ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယင်းဒေသရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့ပါက အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း AAက မေလ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။
