ဆလိုင်းမာန်အောင်/People’s Spring
ဘူးသီးတောင်အခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်၊ တပ်မမှူးသည် စကခ(၁၅)အား အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်သည့် မေလဆန်း၌ မောင်တောမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုသို့ ထွက်ပြေးသွားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးကပြောသည်။
“တပ်မမှူးက သူ့ကိုယ်ရေးအရာရှိနဲ့အတူလုံခြုံရေးယူပြီး ထွက်သွားတာ။ မောင်တောကို ပြေးတာ။ ဒုတပ်မမှူးက မပြေးဘဲ နောက်ဆုံးကျမှ AAဆီ လက်နက်ချတာ”ဟု ရဲအရာရှိတဦးကပြောသည်။
မောင်တော နှင့် ဘူးသီးတောင်သည် ကုန်လမ်းရော ရေကြောင်းပါ ထိစပ်နေပြီး စကခ(၁၅)ဌာနချုပ်တပ်မမှူးသည် တိုက်ခိုက်ခံရမည်ကိုကြောက်လန့်၍ ရေကြောင်းမှ တိတ်တစိတ်ထွက်ပြေးတိမ်းရှောင်သွားခြင်းဟု သတင်းပေးရဲအရာရှိကဆိုသည်။

Public Service Announcement
ဘူသီးတောင်အခြေစိုက် စကခ (၁၅)အား လအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ဒုတပ်မမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊တပ်မိသားစုဝင်များလက်နက်ချအညံ့ခံခဲ့ကြကြောင်း (AA)က မေလ ၆ ရက် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ စကခ(၁၅) တပ်မမှူးသေဆုံးပြီဟူသော သတင်းများ ဖော်ပြမှုရှိနေပြီး စစ်ကောင်စီဝါဒဖြန့် မြန်မာအကောင့်များကမူ တပ်မမှူးသည် မောင်တောမြို့၌ရှိနေကြောင်း တုန့်ပြန်ရေးသားနေကြသည်။
AAက ဘူးသီးတောင်နှင့် မောင်တောမြို့မှ စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီး မြို့မကျဆုံးစေရေးအတွက် စကခ(၁၅) တပ်မမှူးက သွားရောက်ကွပ်ကဲနေခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များတွင် ရေးသားထားသည်။ အမှန်တကယ်တွင် တပ်မမှူးသည် စခန်းကျမည်ကို သိရှိ၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း စကခ(၁၅)အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရှိခဲ့ဖူးသည့် ရဲအရာရှိတဦးကပြောသည်။
စကခ(၁၅)အောက်၌ ဗျူဟာသုံးခုရှိပြီး ခြေမြန်တပ်ရင်းနှင့်ခြေလျင်တပ်ရင်း ၁၀ ခုရှိနေသည်။ ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် ဘူးသီးတောင်ဗျူဟာလက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ(၃၇၈) တို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်ရင်း လေးရင်းကို AA ကသိမ်းပိုက်ထားသည်။
ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) တို့ကိုAAကသိမ်းပိုက်ရယူထားသည်ဟု မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။သိမ်းပိုက်ရယူရန်ကျန်ရှိနေသော လက်ကျန်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAကထုတ်ပြန်ထားသည်။
စကခ(၁၅)စခန်းသိမ်းတိုက်ပွဲ၌ လက်နက်ချခဲ့သည့် ဒုတပ်မမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များခဲတွင် စစ်ကောင်စီက ပြည်သူ့စစ်အနေဖြင့် ခေါ်ယူထားသည့် မွတ်ဆလင်လူငယ်အများအပြားကိုပါ AA က ဖမ်းမိထားသည်။
