ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေထောင်မှာ ဒီမနက်ပိုင်းက ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းတယ်ဆိုပြီး ပစ်ခတ်ဖမ်းဆီးရာမှာ အကျဉ်းသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားပါတယ်။
ဒီမနက် ၈ နာရီခွဲခန့်က ညောင်ရွှေထောင် ၂ ထပ်အိပ်ဆောင် မှာ အကျဉ်းသား ၁၅ဦး ခန့်ဟာ အိပ်ဆောင်နောက်ဖက်ကအုတ်ရိုးကိုကျော်တက်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းတယ်လို့စစ်ကောင်စီက ဒီနေ့ညပိုင်းမှာ သတင်းထုတ်လာပါတယ်။
အိပ်ဆောင်လှေကား သစ်သားလက်ရန်းတန်းတွေကို ချိုးပြီး အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်ကာ ထွက်ပြေးဖို့လုပ်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။
အဲဒီဖြစ်စဉ်မှာ ပစ်ခတ်မှု တွေ ရှိခဲ့တယ်လို့ အကျဉ်း ဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ လည်းကင်းမျှော်စင်ပေါ်က နေ သေနတ် ၅ ချက်ပစ်ခဲ့တယ်လို့ ဆိုထားတာတွေ့ရပါတယ်။
ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
