မန္တလေးမြို့တွင် အရပ်ဝတ်ဝတ်ဆင်ကာ အိမ်စီးကားဖြင့်လှည့်လည်ကာ လူငယ်များ လိုက်လံဖမ်းဆီးနေသည့် စစ်ကောင်စီ၏ ထလရ(၁၆)ကင်းတဲဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး(AST-MDY)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

မတ်လ ၁၄ ရက် နေ့လည် ၂ နာရီကျော်တွင် အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗုံးပစ် သည့်အချိန်တွင် ကင်းတဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးရှိကြောင်း ၎င်းက ဆိုသည်။
တိုက်ခိုက်မှုကြောင့် ဂိတ်အမိုးပွင့်ထွက်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေနတ်ဖြင့် ၁၀ချက်ခန့် ပစ်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းစွာဖြင့် ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။
“ စကစနှင့် သက်ဆိုင်သည့် မည်သည့်နေရာမဆို ကျွန်ုပ်တို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော် များမှ စစ်ဆင်ရေးပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်သည်။” ဟု AST-MDY ကသတိပေးထားသည်။
