▪︎စစ်တန်းလျားနှင့်လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲ
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ခြေမြန်တပ်ရင်းတစ်ခုကို တာဝေးပစ်လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – နေပြည်တော်(NPT-PDF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း (၆၀၄)တပ်ဝန်းအတွင်းရှိ စစ် တန်းလျားအား လက်နက်ကြီးတစ်လုံး တိုက်ရိုက်ထိမှန်ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲကာ ကျန်နှစ်လုံးမှာ တပ်တွင်းကျောင်းခြံစည်းရိုးပေါ်နှင့် တပ်ရှေ့ကျောက်ကွင်းတို့တွင် ကျရောက်ပေါက်ကွဲသွားကြောင်း NPT-PDF မှ တာဝန်ရှိသူက ရှင်းပြသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်း ကျင်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန် ရေးရဲဘော်များနှင့် ဒေသခံပြည်သူများအထိအခိုက်မရှိခဲ့ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။
“ ကျွန်တော်တို့က မြေပိုင်ထားပြီးသားဖြစ်လို့စစ်ကိုနိုင်အောင်တိုက်နိုင်ပါတယ်လို့ပြောချင်ပါတယ်။ နေပြည်တော်ဟာ ပြည်သူအားလုံးလိုချင်နေတဲ့ နွေဦးအောင်ပွဲပါ။ အဲ့အတွက် လုံခြုံရေးတင်းကျပ်သည့်ကြားကရအောင်တော်လှန်ပြီး ပြည်သူ့အောင်ပွဲယူဆောင်ပေးသွားပါမယ်” ဟု NPT-PDF မှ တာဝန်ရှိသူက ပြည်သူလူထုထံ သတင်းစကားပါးသည်။
လက်ရှိအခြေအနေတွင် ယနေ့( မတ် ၁၄ ရက်)မနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်က တပ်အဝင်အထွက်ပိတ်ထားပြီး အောင်နန်းချိုရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများသို့ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများရှိနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နေပြည်တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ဝန်းအတွင်းသို့ NPT-PDF တပ်ဖွဲ့ဝင်များက တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် ယခု မတ်လဆန်းတို့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန မြို့ပြအထူးစစ်ဆင်ရေးဌာနအောက်ရှိ UG ရဲဘော်များက နေပြည်တော်ရှိ စစ်ရေးပစ်မှတ်လေးခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
