ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။
“အဲဒီမှာ KNDF တပ်တွေရှိတယ်။ KNDF/PDFပေါ့။ သူတို့ (စစ်ကောင်စီတပ်)နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်လာတာ။ သူတို့ ၁၂ဦး ကျတယ်။ ၁၀ယောက်ကျော်ဒဏ်ရာရယ်။ ဖြစ်တာက ရှမ်းပြည်နယ်နဲ့ ကရင်နီ နယ်စပ်ပေါ့။ လွိုင်ကော်မြောက်ဘက် ဖယ်ခုံမြို့နယ် အရှေ့ခြမ်း မိုးဗြဲဆည်ရဲ့ အရှေ့ဘက်ပေါ့။နေရာအတိအကျက ရွှေသန်းတာဝါတိုင်လို့ခေါ်တယ်” ဟု ခူညေးရယ်က ပြောသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်က အထိနာသဖြင့်လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့အပြင်ယမန်နေ့က ဒီးမော့ဆိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိကြောင်း ခူညေးရယ်က ပြောသည်။

“မနေ့ဒီးမော့ဆိုမှာလည်း ဖြစ်တယ်။ ဒေါတမကြီးအုပ်စုပေါ့။ အခုထိ သတင်းအတိအကျမရသေးဘူး။အဲဒီမှာစစ်ကောင်စီဘက်က ၂ဦး ၃ဦး ကျတယ်ကြားတယ်” ဟုခူညေးရယ်က ပြောသည်။
စစ်ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှစစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် မတ်လ ၁၀ ရက်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

မတ်လ ၁၀ ရက် ဒီးမော့ဆို မြို့နယ်အရှေ့ခြမ်းတိုက်ပွဲတွင်စစ်တပ်မှ ၁၆ ဦးသေဆုံးကြောင်းKNDF ကထုတ်ပြန်သည်။
မတ် ၁၁ ရက်တိုက်ပွဲများတွင် နယ်စပ်ရှိကရင်နီ တပ်မတော်(KA)စခန်းတစ်ခုကို သိမ်းပိုက်ရန် ထိုးစစ်ဆင်သောစစ်တပ်၏ တပ်ရင်း ၃ ရင်းတစ်နေကုန်တိုက်ပွဲဖြစ်ရာ အထနာ၍ ပြန်ဆုတ်သွားပြီး အလောင်း ၂ လောင်းနှင့် ခဲယမ်း၊စစ်ဘက်သုံးပစ္စည်းများသိမ်းဆည်းရရှိကြောင်း KA နှင့်KMIC တို့ကထုတ်ပြန်သည်။
အလားတူ မတ် ၁၁ ရက်က ပင်လောင်းမြို့နယ် နမ်းနှိန်းရွာတိုက်ပွဲတွင်စစ်တပ်အထိနာပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း KRU ကလည်းထုတ်ပြန်ထားသည်။
