▪︎ပုလောမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူနှစ်သောင်းကျော်ရှိလာ
တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ပေါင်းစုများတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)၊ ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
မတ် ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲကပုလော-မြိတ်လမ်းပိုင်း(ပြည်ထောင်စုလမ်းမကြီး)အနီးကဗျာကျေးရွာနားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းအား မြိတ်ခရိုင် တပ်ရင်း (၁)နှင့် ပုလော ပ.က.ဖ တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့သည်ဟုသိရသည်။
တိုက်ပွဲမှာအပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာခဲ့ပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရာ ၎င်းကျဆုံးရဲဘော်အားသယ်ဆောင်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တပ်ရင်း (၁)မှ တာဝန်ရှိသူကပြောသည်။

တောလမ်းအတိုင်း တပ်ဆုတ်လာစဥ် ည ၇ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် လမ်းခုလပ်၌ ထိပ်တိုက်တိုးကာ ဒုတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု၎င်းကဆက်ပြောသည်။
“ ထိပ်တိုက်တွေ့ဆိုရင် ကျနော်တို့ရဲဘော်တွေက ရွာသားတွေနဲ့လူးမှားပြီး ရေတောင်တောင်းသောက်လိုက်သေးတယ်။ အဲဒီမှာ သူတို့ကမ်းလာတဲ့ခွက်ကိုကြည့်တော့မှ ဟာစစ်ခွေးတွေသုံးတဲ့ခွက်ပဲဆိုပြီးအနီးကပ်ဝင်လုံးရင်းတိုက်ခိုက်ရတာ” ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ အင်အား (၁၅၀)ဝန်းကျင်ခန့်ပါ စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းသည် ပုလော-မြိတ်ကားလမ်းတလျှောက်နှင့် လမ်းဘေးဝဲယာ ကျေးရွာများသို့ စစ် ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ ကဗျာကျေးရွာအနီးမှ လက်ပံပြင်စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်မှာ အခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း စုံစမ်းသိရသည်။
လက်ရှိတွင် ပုလောမြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်များက ကျေးရွာများသို့ဝင်ရောက်ကာ ဓားစာခံဖမ်းဆီးခြင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် တစ်မြို့နယ်လုံးတွင် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
