စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ရဲစခန်းကို PDFများ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်က အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးလက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နောင်ကြီးအိုင်ရဲစခန်းမှ လမ်းသွား၊လမ်းလာများအား ငွေထွက်တောင်းရန်ပြင်နေသော စစ်ကောင်စီတပ်များအား ညနေ ၃ နာရီမှစတင်ပစ်ခတ်တိုက်ခိုက်ရာ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကာ လေးဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“နောင်ကြီးအိုင်ရဲစခန်းမှာ အင်အားက ခန့်မှန်း ၁၀၀ ခန့်ရှိတယ်။ ကတုပ်ကျင်းထဲကို လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃၊ တပ်ခွဲ ၃ ဂဠုန်နက် PDF၊
ကျားသစ်နက် LPDF၊ ယက္ခညီနောင် LPDF၊ သံမဏိလိပ်ပြာ PDF၊ True Arrow LPDF၊ Twenty Seven LPDF၊ Five Stars LPDF၊ ဝံပုလွေ PDF နှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက် ခဲယမ်း များစွာလိုအပ်နေကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက အရာတော်မြို့နယ်၊ မင်းရွာကို Mi 35 ရဟတ်ယာဉ်ဖြင့် ကျေးရွာကိုပတ်၍ သုံးကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သားများက မင်းရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
