မန္တလေးမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီလက်ဝေခံ ပျုစောထီးတို့ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ညပိုင်းမှာ ဝင်ရောက်စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ဒေသခံအချို့ကပြောပြပါတယ်။
ဖေဖော်ဝါရီလအတွင်း မန္တလေးမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၂ ဦး ၊ ရာအိမ်မှူး ၁ ဦးနဲ့ ပျုစောထီးတပ်ဖွဲ့ ၁ ဦး တို့ ပုသိမ်ကြီး ၊ ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်မြို့နယ်တွေထဲ ပစ်သတ်ခံထားရတာပါ။
အဲဒီမြို့နယ်တွေက အခင်းဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေကို ပြီးခဲ့တဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်တာ ၊ မွှေနှောက်တာတွေရှိခဲ့ပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးပျုစောထီးတပ်ဖွဲ့ဝင် လည်းသေဆုံးသွားတဲ့ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဟာ ဆင်ရွာကြီး အပါအဝင် အနီးတဝိုက် ရွာတွေကို ပိတ်ဆို့ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆင်ရွာကြီးရွာခံတစ်ဦးကပြောပါတယ်။
မနေ့က ညပိုင်းလည်း မန္တလေးတောင်အရှေ့ဘက်ခြမ်းရှိ မဲကင်းကုန်း၊ ကုန်းတန်းကျေးရွာတွေမှာ ရွာအဝင်အထွက် ကိုစစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။
(ဓာတ်ပုံ − AP)
