စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၁၀၃) တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် Federal Wings ဒရုန်းတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန် သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃)ဌာနချုပ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဝေါလေဗျူဟာကုန်းမှတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အင်အား ၅၀ခန့်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)လုံခြုံရေးတပ်ရင်း(၈) တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက်မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက် နေ့လည် ၁၂နာရီခန့်တွင် ပြန်လည်တိုက်ယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါတပ်ရင်းဌာနချုပ်၌ အစောင့်စစ်သည်အချို့သာရှိနေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းလာ၍ ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်စခန်းနေရာကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ဝိုင်းတိုက်စဉ် စစ်ကောင်စီတပ်များ မနေရဲဘဲ ပြန်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်။
တိုက်ပွဲ၌ KNLA နှင့် ပူးပေါင်းတပ်ဘက်က ကျဆုံးမှုမရှိကြောင်း KNUသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးရှိမရှိကိုလည်း မသိရသေးပေ။
